Sunday 10 March 2013

ကိုယ်ဝန်ဆောင်ချိန် ခါးနာခြင်းကင်းဝေးစေရန်

ကိုယ်ဝန်ဆောင်ချိန်မှာ ပုံစံမမှန်တဲ့ နေထိုင်မှုတွေကြောင့် ခါးနာတတ် ပါတယ်။ သက်သောင့်သက်သာ နားနေမှုနဲ့ ကြွက်သား ပျော့ပျောင်း စေတဲ့ အပျော့စားလေ့ ကျင့်ခန်းကို ပြုလုပ်ပေးသင့်ပါတယ်။
မှန်ကန်သော ကိုယ်နေဟန်ထားဖြစ်ပါစေ
ကိုယ်ဝန်ဆောင်ထားပြီး ကလေးငယ် ဖွံ့ဖြိုးလာချိန်မျိုးမှာ သင့်ခန္ဓာကိုယ်ရဲ့ အလယ်ပိုင်းနေရာက လေးလာတဲ့အတွက် တချို့တွေက ခါးကိုကွေးပြီး ရှေ့ ကို ငိုက်ကာ လမ်းလျှောက်ကြတာ ကြောင့် ခါးနာတာမျိုးဖြစ်တတ်ပါတယ်။
လမ်းလျှောက်ချိန် ခါးကို ဆန့်ထားပြီး မတ်မတ်လျှောက်ကာ ရင်ဘတ်ကို ဖွင့် ထားပါ။ သင့်ပခုံးက သက်သောင့်သက်သာ ဖြစ်ပါစေ၊ထိုင်ထပြုလုပ်ချိန်မှာ ဒူးကို အရင်ဆုံးကွေးပြီးမှ ထိုင်ထပြုလုပ်ပါ။ မတ်တတ်ရပ်ချိန်မှာလည်း သင့်ခန္ဓာကိုယ်ကို ထိန်းနိုင်တဲ့အရာတစ်ခုခုကို ကိုင် ထားပြီးမှ မတ်တတ်ရပ်ပါ။ ထိုင်ချိန်မှာ ထိုင်ခုံနောက်မှီက ခါးကို ထောက်ပံ့ပေး နိုင်ဖို့လိုအပ်ပြီး နောက်ကျောမှာ ခေါင်းအုံးတစ်လုံးခံထားပေးပါ။ သင့်လည်ပင်း နေရာကလည်း သက်သောင့်သက်သာ ဖြစ်စေဖို့လိုပါတယ်။
ဖိနပ်အမြင့် မစီးပါနှင့်
အတတ်နိုင်ဆုံး ဖိနပ်အပါးကို စီးပါ။ ဒေါက်ဖိနပ်အမြင့်တွေကြောင့် သင့်ခါးနေရာကို ဒဏ်ဖြစ်စေပြီး ခါးနာကျင်စေနိုင်ပါတယ်။
ပစ္စည်းသယ်ယူချိန် ဂရုစိုက်ပါ
ကိုယ်ဝန်ဆောင်ချိန်မှာ ဈေးဆွဲခြင်း တောင်းပဲဖြစ်ပါစေ ကုန်းကောက်တာမျိုး မလုပ်ပါနဲ့။ ဒူးအရင် ကွေးလိုက်ပြီးမှ သယ်ယူပါ။ ခါးကုန်းပြီး မသယ်ပါနဲ့။ အရမ်းလေးလံမှုမရှိဖို့ အထူးလိုအပ်ပါတယ်။
အိပ်စက်မှုပုံစံ မှန်ပါစေ
ကိုယ်ဝန်ဆောင်ချိန်မှာ ပက်လက် အနေအထား အိပ်စက်တာကြောင့် ခါး နာကျင်တတ်ပါတယ်။ ဘေးတစောင်း ဒူးကွေးပြီး ဒါမှမဟုတ် ဒူးတစ်ဖက် ကွေးပြီး ခြေထောက်ကြားမှာ ခေါင်းအုံး တစ်လုံးခံထားကာ အိပ်စက်ပါ။ နောက်ကျောမှာ ခွခေါင်းအုံးတစ်လုံးကို ခံထားပြီး သင့် ခန္ဓာကိုယ်ကို ထောက်ပံ့ထားပါ။
နှိပ်နယ်ခြင်း မလုပ်ပါနှင့်
ခါးနာကျင်ချိန်မှာ အနှိပ်ခံတာမျိုး မပြုလုပ်ပါနဲ့။ ရေနွေးအိတ် ဒါမှမဟုတ် ရေခဲအိတ်နဲ့ ခါးနာတဲ့နေရာနဲ့ နောက် ကျောပြင်ကို ခပ်ဖြည်းဖြည်း ပွတ်သပ်ပေး တာက နာကျင်မှုကို သက်သာစေနိုင်ပါ တယ်။ နောက်ကျောပြင်ကို ညင်ညင်သာ သာပွတ်သပ်ပေးတာကလည်း ခါးနာကျင်မှုကို သက်သာစေတဲ့ အကောင်းဆုံး နည်းပါပဲ။
တက်ကြွစွာနေပါ
လမ်းလျှောက်တာနဲ့ ရေကူးတာလိုမျိုး တက်ကြွလန်းဆန်းစေတဲ့ လေ့ကျင့်မှုမျိုးကို ပြုလုပ်ပေးပါ။ ကြမ်းပြင်ပေါ်မှာ ဒူးနဲ့ လက်ဖဝါးတွေ ထောက်ထား ကာ ခေါင်းနဲ့ နောက်ကျောက အဖြောင့်ထား ပါ။ ဝမ်းဗိုက်ကို ကြွက်သားညှစ်အားနဲ့ ဆွဲတင်လိုက်ချိန် နောက်ကျောပြင်က အလိုက်သင့်လေး ဖြေလျှော့ပေးလိုက်ပါ။ စက္ကန့် အနည်းငယ်လောက်နေပြီး ဝမ်းဗိုက်တွေ ကို သက်သောင့်သက်သာပြန်နေပါ။ ၁၀ ကြိမ်လောက် ပြုလုပ်ပေးပါ။ ခါးနေရာကို သက်သောင့်သက်သာဖြစ်စေပါတယ်။
သဲသဲ


Good Health

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget