Sunday 10 March 2013

အိပ်ရေးဝခြင်း၏ စိတ်နှင့်ခန္ဓာ အနာကျက်စေသော စွမ်းပကား

အိပ်ရေးဝ၀ အိပ်ပျော်ဖို့ရာအတွက် ပတ်ဝန်းကျင်ကလည်း အရေးပါ ပါတယ်။ သင့်အိပ်ခန်းက
အေးမြပြီး တိတ်ဆိတ်နေရပါမယ်။ အိပ်တဲ့အခါ အခန်းက မှောင်နေဖို့လိုပြီး အိပ်ရာကလည်း သက်သောင့် သက်သာရှိရပါမယ်။ အိပ်ရာဝင်ခါနီးမှာ ကဖင်းဓာတ်ပါတဲ့ အစား အသောက်တွေ ရှောင်ဖို့လိုပြီး နွားနို့နဲ့ ပေါ့ပါးတဲ့ သရေစာကိုသာ စားသင့်ပါတယ်။ လက်ပ်တော့၊ ဖုန်းစတာတွေနဲ့ အင်တာနက် သုံးမယ့်အစား သီချင်းနားထောင် တာ၊ စာအုပ်ဖတ်တာက အိပ်မော ကျသွားစေပါတယ်။ အိပ်ရေးဝ၀ အိပ်စက်အနားယူရတဲ့အခါ အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိမှာဖြစ်လို့ ညညအိပ်ရေးဝ၀ အိပ်စက်အနားယူကြပါလို့ အကြံပြုချင်ပါတယ်။

ကိုယ်အလေးချိန် လျော့ကျစေခြင်း
ချီကာဂိုတက္ကသိုလ်ရဲ့ လတ်တလောလေ့လာမှု တစ်ရပ်အရ အိပ်ရေး မဝသူတွေဟာ Ghrelin မုန်း အထွက်တိုးကာ ဆာလောင်မှုကို ဖြစ်စေကြောင်း သိရပါတယ်။ ကိုယ်အလေးချိန်လျော့ကျအောင် အစာ လျှော့စားနေသူတွေအတွက် အိပ်ချိန်ကို ကန့် သတ်လိုက်ရင် အဆီဆုံးရှုံးမှုက ၅၅ ရာခိုင်နှုန်းလျော့ နည်းသွားပါတယ်။
အိမ်ထောင်ရေး အဆင်ပြေချောမွေ့ခြင်း
နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်အနားယူတာက အိမ်ထောင်ရေးကို ပျော်ရွှင်အောင် ထိန်းထားနိုင်စွမ်းရှိပါတယ်။ ဗြိတိန် အိပ်စက်မှုဆိုင်ရာ စစ်တမ်းအရ အသင့်အတင့် အိပ်မပျော်သူနဲ့ လုံးဝအိပ်မပျော်သူ ၅၅ ရာခိုင်နှုန်းဟာ အိမ်ထောင်ရေး ပြဿနာကြုံတွေ့ နေရကြောင်း သိရပါတယ်။ အိပ်ရေးမဝတဲ့အခါ စိတ်နဲ့ခန္ဓာ ကျန်းမာရေးထိခိုက်ပြီး အိမ်ထောင်ရေး သုခပါ ပျောက်ဆုံးရတာဖြစ်ပါတယ်။ အိမ်ထောင် ဖက်နဲ့အတူ အိပ်စက်တဲ့အခါ အိပ်စက်တဲ့ ပတ်ဝန်းကျင်ကို အကြိုက်မတူရင် နှစ်ဦးစလုံး အိပ်ရေးပျက်ရ တတ်ပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ အိပ်ရာခွဲ အိပ်တာက ပိုသင့်တော်ပါတယ်။
နှလုံးကျန်းမာခြင်း
အိပ်ရေးဝတာက နှလုံးကျန်းမာရေးကို ရေရှည် အကျိုးသက်ရောက်မှုရှိပါတယ်။ ဥရောပနှလုံး ဂျာနယ်ရဲ့ လေ့လာမှုအရ တစ်ညခြောက်နာရီအောက် ပုံမှန် အိပ်စက်သူတွေက နှလုံးရောဂါထတာ ဒါမှ မဟုတ် လေဖြတ်တာတို့မှာ ဖြစ်နိုင်ခြေ မြင့်မားတယ် လို့ သိရပါတယ်။ နှလုံးဟာ ညဘက်ဆိုရင် အနားယူဖို့ လိုအပ်တာကြောင့် နှလုံးကျန်းမာဖို့အတွက် တစ်ည မှာ ၇-၈ နာရီခန့် အိပ်စက်သင့်တာဖြစ်ပါတယ်။ ကြာရှည်အိပ်ရေးပျက်တာကြောင့် စိတ်ဖိစီးမှုဖြစ်ကာ နှလုံးရောဂါကို ဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုကြောင့် သွေးတိုးစေပါတယ်။ သွေးတိုးတာက နှလုံးရောဂါနဲ့ တခြားကျန်းမာရေး အခြေအနေတွေရဲ့ အန္တရာယ် တစ်ခုပါ။
ပိုမို ပျော်ရွှင်စေခြင်း
အိပ်ရေးဝတာကြောင့် အရာရာကို အကောင်း မြင်နေတတ်သလို စိတ်ဓာတ်လည်း တက်ကြွနေတတ် ပါတယ်။ ပုံမှန်လိုလို အိပ်ရေးပျက်နေ သူတွေက အိပ် ရေးဝသူတွေထက် စိတ်ဓာတ်ကျနိုင်ခြေ သုံးဆပိုများပါတယ်။
ဘဝတက်လမ်း ပိုအဆင်ပြေခြင်း
အိပ်ရေးပျက်တဲ့အခါ အလုပ်လုပ်ရာမှာ အာရုံ စူးစိုက်မှု သုံးဆလျော့နည်း သွားတတ်တာကြောင့် အလုပ်ပြီးမြောက်နိုင်ဖို့ ခက်ခဲသွားပါတော့တယ်။ တစ်ခါတစ်ရံ အိပ်ရေးပျက်တာထက် ကြာရှည် အိပ်ရေးပျက်တာကြောင့် စိတ်ပင်ပန်းနွမ်းနယ်ကာ ဦး နှောက်ရဲ့ လုပ်ငန်းဆောင်တာတွေက ပုံမှန်မလုပ် ဆောင်နိုင်တော့ဘဲ တက်ကြွမှုလည်း လျော့နည်းသွား တတ်ပါတယ်။ အိပ်ရေးပျက်ရင် အလုပ်မှာ အမှားများစေပြီး အာရုံစူးစိုက်နိုင်စွမ်း၊ ထက်မြက်မှုနဲ့ တီထွင် ဖန်တီးနိုင်စွမ်းတွေ ထိခိုက်ရတတ်ပါတယ်။
ကိုယ်ခံစွမ်းအားစနစ် ကောင်းမွန်ခြင်း
အိပ်ရေးမဝရင် ကိုယ်ခံစွမ်းအား စနစ်အားနည်းပြီး တုပ်ကွေးနဲ့ အအေးမိဝေဒနာ အန္တရာယ်ကို မြင့်တက်စေပါတယ်။ ကာနေဂျီးမဲလွန် တက္ကသိုလ်ရဲ့ လေ့လာမှုအရ တစ်ညမှာ ခုနစ်နာရီအောက် လျှော့အိပ်သူတွေက ရှစ်နာရီနဲ့အထက် အိပ်စက်သူတွေထက် အအေးမိဝေဒနာဖြစ်နိုင်ခြေ သုံးဆပိုများကြောင်း သိရပါတယ်။ အိပ်ရေးပျက်တဲ့အခါ ကိုယ်ခံအားစနစ်က ရောဂါတွန်းလှန်ဖို့ ထုတ်တဲ့ ဓာတ်ပစ္စည်းတွေ ဟန်ချက်မညီမျှတော့လို့ ရောဂါပိုးဝင်လွယ်ရတာ ဖြစ်ပါတယ်။
စွမ်းအင်တိုးစေခြင်း
အိပ်ရေးပျက်တာကြောင့် စွမ်းအင်မရှိသလို ဖြစ်ကာ နေ့ခင်းဘက်အတွင်း လုပ်ဆောင်တဲ့ အရာ တွေထဲ စိတ်မဝင်စားနိုင်ဖြစ်ရတတ်ပါတယ်။ စစ်တမ်း တစ်ခုအရ အိပ်မပျော်သူ ၉၅ ရာခိုင်နှုန်းနီးပါးဟာ နေ့ဘက်အတွင်း စွမ်းအင်အဆင့် လျော့ကျတတ်ကြောင်း သိရပါတယ်။
ကလေးများအတွက် ကောင်းမွန်ခြင်း
ကလေးတွေ အိပ်ရေးဝ၀ အိပ်စက်ရတာကြောင့် ကျောင်းမှာ စွမ်းဆောင်နိုင်စွမ်း ပိုမိုကောင်းမွန်တတ်ပါတယ်။ မီချီဂန်ကလေးဆေးရုံရဲ့ လေ့လာမှုအရ အိပ်ရေးဝတာက ကလေးရဲ့ စကားနားထောင်နိုင်စွမ်းနဲ့ မှတ်ဥာဏ်ကို တိုးတက်စေပြီး သင်ခန်းစာတွေကို ထိထိရောက်ရောက် မှတ်သား လေ့လာနိုင်ကြောင်း သိရပါတယ်။
ကြယ်စင်

Good Health

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget