Friday 8 March 2013

ဆေးလိပ်မတို နေမညိုပါဘဲနဲ့

(တစ်)
နိုင်ငံကျော် ကဗျာဆ ရာကြီး “တင်မိုး”က ကဗျာတစ် ပုဒ် ရေးခဲ့ဖူးပါသည်။ “ဧည့်သည်ကြီး”ဆို သည့်ကဗျာ။ “ဆေးလိပ်လည်းတို နေလည်းညိုပြီ ငါ့ကို ပြန်ပို့ကြ ပါလေ” တဲ့။ ကဗျာတို ကလေးဖြစ် သည့်တိုင်အ နက် အဓိပ္ပာယ်က တာသွား လှပါသည်။ လူသည် ဧည့် သည်။ ဤမြေကမ္ဘာ ပေါ်သို့ခေတ္တ ခဏလာ ရောက်နေ နားခွင့်ရသည့် ဧည့်သည်။ အချိန်တန်တော့ ဘယ်မှန်း မသိသည့် အိမ်သို့ ပြန်ကြရစမြဲ။
သြော်.... လူဟာ ဧည့်သည် ပါတဲ့။ ဆေးလိပ်တို ကာ နေညိုချိန် ရောက်ပြီမို့ ပြန်ပို့ပေးကြပါတော့တဲ့။ သေခြင်းတရားနှင့် လိုက်ဖက်လွန်းလှသည့်ကဗျာ။ နောက်ထပ် ကဗျာဆ ရာကြီး တစ်ယောက် ရှိပါသေးသည်။

“ဒေါင်းနွယ်ဆွေ” ..တဲ့။ ဆရာ့ကဗျာအမည်က “နောက်ဆုံးရထား”။ “အလှကိုရှာ ဘယ်မှာမတွေ့။ တစ်နေ့အချိန်တန်တော့ ဆူညံညံငိုသံကြားရတယ် ရထားရွေ့ရွေ့တဲ့” လှချင်ယောင်ဆောင်ထားသည့် လောကကြီးထဲ၌ ယောင်ချာချာ လျှောက်သွားနေခဲ့ကြရင်း အချိန်တန်တော့ မသာရထားပေါ်၌ ခေါင်းတလားကိုတင်ကာ တရွေ့ရွေ့ တွန်းသွား ခံရပြီးနောက် ငိုသံတွေ စီခနဲကြားလိုက်ရခြင်းနှင့်အတူ လူ့ဘ၀သည် ဇာတ်သိမ်းရစမြဲဖြစ်ကြောင်း ဖွဲ့ဆိုထားသည့် ကဗျာကလေးပဲဖြစ်ပါသည်။ မှန်ပါသည်။ ဆေးလိပ်တိုမှ နေညိုမှဖြင့် ကျွန်တော်တို့တစ်တွေ ပြန်ဖို့ပြင်ကြရစမြဲ။
အချိန်တန်မှဖြင့် ငိုသံတို့ဝန်းရံသည့် ရထားပေါ်မှာ တွန်းရာသို့ ပါသွားကြရစမြဲ။ မဆန်းပါ။ အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ ၀ဲယာ ဘာသာမရွေး၊ လူမျိုးမရွေး သေခြင်း၏ တံခါးပေါက်အ၀သို့ ရောက်ကြရစမြဲပါ။ သို့သော် အခုတလောမှာ ဆန်းကြယ်နေသည်က ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သည့် သတင်းတွေကို သတင်းစာနှင့် ဂျာနယ်စာမျက်နှာများပေါ်၌ ခပ်စိပ်စိပ် တွေ့မြင်လာရခြင်းပင် ဖြစ်ပါသည်။ ဖခင်ကြီး ကျန်းမာရေးမကောင်းသည့် သတင်းကို ကြားရာက ငွေလည်းမပို့နိုင်၊ လူလည်း မသွားနိုင်ဖြစ်သဖြင့် မိမိအလုပ်လုပ်နေသည့် ဆောက်လက်စတိုက် တစ်နေရာမှာ ဆွဲကြိုးချကာ အဆုံးစီရင်သွားသူက တစ်ယောက်။ ဇနီးဖြစ်သူနှင့် အိမ်ထောင်ရေးပြိုကွဲ၍ဟုဆိုကာ လယ်တောထဲက တဲတစ်လုံးမှာ ဆွဲကြိုးချပြီး အဆုံးစီရင်သွားသူက တစ်ယောက်။
မိန်းမက အရက်ဖိုးမပေး၍ဟုဆိုကာ ရေတွင်းထဲသို့ခုန်ချပြီး အဆုံးစီရင်သွားသူက တစ်ယောက်။ ခုနစ်တန်းကို သုံးနှစ်ကျလောက်အောင် ဉာဏ်ထိုင်းပြီး စာကျက်၍မရလွန်းသဖြင့် အိမ်အပေါ်ထပ်က အခန်းထဲမှာ ဆွဲကြိုးချ၍ စီရင်ခဲ့သူ မိန်းကလေးကတစ်ယောက်။ သူငယ်ချင်းများနှင့် ၀ါဆိုပန်းခူးထွက်ရန် ချိန်းထားပြီးကာမှ အိမ်ကမသွားနှင့်ဟုဆိုသဖြင့် ကြိုးဆွဲချသေဆုံးခဲ့သူက တစ်ယောက်။
ဇနီးနှင့် သားသမီးများက ဦးဆောင်သည့် မိသားစု စီးပွားရေးအောက်တွင် မိမိကိုယ်မိမိ လူပိုကြီးတစ်ယောက်ဟု မြင်လာကာ ရထားရှေ့မှောက်သို့ ၀င်ရောက်ပြီး ဘ၀ကိုဇာတ်သိမ်းခဲ့သူက တစ်ယောက်။ လောင်းကစားနွံထဲ၌ ကျွံကျကာ အကြွေးပြဿနာကို ဘယ်လိုမှ မရှင်းနိုင်တော့သည့်အတွက် အဆိပ်သောက်ပြီး ရှောင်ပြေးသွားသူက တစ်ယောက်။ ယောက်ျားပို့ပေးသမျှ ငွေအားလုံး ကုန်ရုံမျှမက တိုက်ခန်းကိုပါပေါင်ပြီး ထီအမျိုးမျိုးထိုးရာက ယောက်ျားဖြစ်သူ ပြန်လာသော် မည်သို့ရှင်းရမှန်းမသိသဖြင့် ကလေးများကို ယောက္ခမများဆီသို့ ပို့ထားကာ ရေချိုးခန်းထဲမှာ ကိုယ့်ကိုယ်ကိုယ် စီရင်သွားသူ အမျိုးသမီးကတစ်ယောက်။
သြော်... သားအိမ်ကင်ဆာဝေဒနာကို ရင်မဆိုင်လိုတော့၍ဟုဆိုကာ တက္ကသိုလ်ကျောင်းထဲက ရေကူးကန်ထဲဆင်းပြီး အဆုံးစီရင်သွားသူ၊ ဆီးချိုရောဂါကြောင့် ခြေထောက်ကို တစ်စတစ်စ ဖြတ်ပစ်လာရာက ဆက်လက်ရင်မဆိုင်လိုတော့၍ မြစ်ဝကျွန်းပေါ်သွား သင်္ဘောပေါ်ကနေ ညအချိန် မြစ်ထဲသို့ ခုန်ချကျန်ရစ်နေခဲ့သူ။ လူတွေ....လူတွေ။ တုန်လှုပ်ချောက်ချားစရာ ကောင်းလိုက်တာ။
(နှစ်)
ကမ္ဘာပေါ်၌ မိမိကိုယ်မိမိ သတ်သေမှုများပြားသော နိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်ပါသည်။ ၁၉၉၈ တုန်းက လူပေါင်းသုံးသောင်းကျော် သတ်သေခဲ့ကြသည်ဟု ဆိုပါသည်။ ၁၉၉၇ တုန်းက သုံးသောင်းမျှသာ သတ်သေခဲ့ရာက ၁၉၉၈ တွင် ၃၂၈၆၃ ဦးဟု ဆိုပါသည်။ ကျားက ၂၃၀၁၃ ဦး၊ မ က ၉၈၅၀ ဦးတဲ့။ သည်အထဲမှာ မန်နေဂျာ ၇၁၃ ဦး ပါလေသတဲ့။ အလုပ်လက်မဲ့ ၁၅၂၆၆ ဦး ပါလေသတဲ့။ အင်းလေ... မိမိကိုယ်မိမိ သတ်သေနည်းစာအုပ်ကိုပင် ရောင်းမလောက်၍ ဒုတိယအကြိမ် ပြန်ရိုက်ရသော နိုင်ငံဆိုတော့ သည်လောက်တော့ ရှိပေမပေါ့ဟု မှတ်ချက်ချမိပါသည်။
သြော်.. Internet မှာပင် သတ်သေနည်းလမ်းညွှန်သော နိုင်ငံမဟုတ်လား။ စင်ကာပူနိုင်ငံသည်လည်း သတ်သေမှုများပြားသော နိုင်ငံထဲ၌ ပါဝင်ပါသည်။ စင်ကာပူအတိုင်ပင်ခံအဖွဲ့ (SOS)၏ ထုတ်ပြန်ချက်အရ ၂၀၀၈ မှာ ၃၆၄ ယောက် သတ်သေခဲ့လေသတဲ့။ ၂၀၀၉ မှာက ၄၀၀ ဦးဝန်းကျင် သတ်သေကြရာ ကျားက ၂၄၆ ယောက်၊ မက ၁၃၄ ယောက်တဲ့။ လူငယ်သတ်သေမှုက ၁၂ မှုကနေ ၁၉ မှုဆိုလား။ စီးပွားရေးကြောင့်က အဓိကဖြစ်ကာ အခြားအခြားသော အကြောင်းတရားတို့ကလည်း များစွာရှိပါလေသတဲ့။ အံ့သြစရာကောင်းတာက နယ်သာလန်နှင့် ဆွစ်ဇာလန်ဖြစ်ပါသည်။
သည်နိုင်ငံတွေမှာက ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ရာအတွက် ၀န်ဆောင်မှုပေးသော လုပ်ငန်းများပင် ရှိလေသတဲ့။ ပြည့်ဝသော ဒီမိုကရေစီစနစ်နှင့်အတူ ချမ်းသာကြွယ်ဝသော နိုင်ငံတွေ ဖြစ်ပါလျက် ဘာကြောင့်များ သေချင်နေကြရပါလိမ့်။
(သုံး)
ကမ္ဘာပေါ်၌ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသည့် ကမ္ဘာကျော်တွေ ရှိပါသည်။ ဂျပန်စာရေးဆရာကြီး ကာဝါဘာတာ(Kawabata) ၊ အမေရိကန်စာရေးဆရာကြီး ဂျက်လန်ဒန် (Jack London) ၊ ပြင်သစ်ပန်းချီကျော် ဗင်းဆင့်ဗင်ဂိုး (Vincent Van Gogh) ၊ အမေရိကန်စာရေးဆရာကြီး အန့်နက်စ်ဟဲမင်းဝေး(Ernest Hemingway) စသည် စသည်။ လူသည် မည်သည့်အချိန်မှာ သေသင့်သလဲဆိုသည်က ပြဿနာပဲဖြစ်ပါသည်။ စာရေးဆရာမကြည်အေး၏ ဇာတ်ဆောင် “မီ”ကတော့ ပျော်တုန်းမှာပဲ သေချင်သည်ဟု ဆိုပါသည်။ ပျော်တုန်း သေရမှ လောကကို အနိုင်နှင့်ပိုင်းတာဟု ဆိုပါ၏။ ဒင်းအာချီဆန် (Dean Acheson)ကတော့ "The greatest mistake I made was not to die in office." ဟု ဆိုပါသည်။
သူလုပ်သမျှအမှားထဲတွင် အကြီးဆုံးအမှားက အလုပ်ထဲမှာ မသေခြင်းဟု ဆိုပါသည်။ ရာထူးရာခံရှိတုန်းသေတော့ သိုက်မြိုက်စည်ကားဝေဆာတာပေါ့ဟူသည့် အဓိပ္ပာယ်။ လက်ရှိ ဂျပန်ဝန်ကြီးချုပ်ကမူ သက်ကြီးရွယ်အိုများကို လူပိုဟုယူဆကာ သေသင့်သေထိုက်တဲ့ အသက်ကိုရောက်ရင် သေဖို့သင့်တယ်ဟုပင် ဆိုပါသည်။ သြော်... လူဟာ ရှင်သန်နိုင်ခွင့် လွတ်လွတ်လပ်လပ် မရှိဘူးတဲ့လား။ သေချိန်ကို ဘယ်သူက သတ်မှတ်ပေးမှာတဲ့လဲ။
စိတ်ပျက်စရာ ကောင်းလွန်းလှပါဘိ။
(လေး)
ကျွန်တော်ကတော့ သင်္ချာပညာရှင်ကြီး ပိုက်သာဂိုရပ်စ် (Pythagoras)၏ အဆိုကို ကြိုက်သည်။ “ခန္ဓာကိုယ်သည် ၀ိညာဉ်၏ဂူ ဖြစ်သည်။ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုယ် သတ်သေခြင်းဖြင့် လွတ်မြောက်မှုကို မရှာရ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ဘုရားသခင်၏ အပိုင်ပစ္စည်းများ ဖြစ်ကြပြီး ဘုရားသခင်က ထိန်းကျောင်း ထားသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ အမိန့်မရဘဲ ကျွန်ုပ်တို့သည် လွတ်မြောက်မှုကို ပြုလုပ်ခွင့်မရှိ” တဲ့။ ဗုဒ္ဓဘာသာ ၀င်များကတော့ အဖန်ငါးရာငါးကမ္ဘာဟူသော အဆိုနှင့် ရင်းနှီးပါသည်။
ပါဏာတိပါတာဟူ၍ သူ့အသက်ကိုပင် မသတ်ဖို့ တားမြစ်ထားသေးပေရာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ဆိုသည်မှာကား ဟိုး..အဝေးအဝေးမှာ။ သံသရာတွေ ဘာတွေ အသာထား၊ နောက်ဘ၀တွေ ဘာတွေ အသာထား၊ ယခုတစ်ကြိမ် လူ့ဘ၀ကို ရရှိခိုက်တွင် တတ်စွမ်းသမျှ လောကအကျိုး၊ လူ့အကျိုး ဆောင်ရွက်ကာ လူ့အဖွဲ့အစည်းအတွင်း၌ ပျော်ရွှင်စွာ နှစ်မြှုပ်ထားရင်း ကြုံလာသမျှဒုက္ခကို မိတ်ဆွေသင်္ဂဟများနှင့် ဖွင့်ဟတိုင်ပင်ကာ အကျိုးရှိရှိ ကျော်ဖြတ်သွားနိုင်ခြင်းကသာ ဘ၀၏အဓိပ္ပာယ်ဟု ယူဆချင်ပါသည်။
သေခြင်းတရားကိုပင် ရင်ဆိုင်ဖို့ သတ္တိရှိနေပြီဆိုမှဖြင့် ကျန်တာတွေကို ဘာကြောင့် ရင်မဆိုင်နိုင်ရမှာတဲ့လဲ။ ရှင်သန်ဖို့။ ရှင်သန်နေဖို့။ နောက်တစ်ခါပြန်ရဖို့ မသေချာသော လူ့ဘ၀ကို ရှင်သန်နိုင်သမျှ ရှင်သန်နေဖို့ ကြိုးစားရင်းက ရင်ဆိုင်ဖြေရှင်းသွားကြရုံသာ။ ။

7Day News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget