Friday 8 March 2013

မြို့ကြီးမှာနေမှ ပြည်သူမဟုတ်

ကျွန်တော်က စစ်ကိုင်းတိုင်းဒေ သကြီးကောလင်း မြို့မှာ နေထိုင် ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ မိုးညှင်းမြို့ အစိုးရနည်းပညာ ကောလိပ်မှ BE (Electr onic)နဲ့ ကျောင်းပြီး ထားပါတယ်။ ကျွန်တော်က အခုမှ ပူပူနွေးနွေး ကျောင်းပြီးထား တာဆိုတော့ ကျောင်းနှင့် ပတ်သက်တဲ့ အကြောင်းပဲ ပြောချင်ပါ တယ်ခင်ဗျာ။ မြို့ကြီးကျောင်းနဲ့ နယ်ကျောင်း ခွဲခြားနေ တဲ့ကိစ္စပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ နည်းပညာ ကျောင်းများ ဟာ နိုင်ငံတော်အတွက် မရှိမဖြစ်လို အပ်တဲ့ ကျောင်း များဖြစ်ပါတယ်။
အခုလို ပြောင်းလဲ ရေးတွေ လုပ်နေ တဲ့အချိန်၊ နည်းပညာမြင့်တွေ လို အပ်နေတဲ့ အချိန် တွေဆို ပိုလို့တောင် အရေးပါပါသေး တယ်ခင်ဗျာ။ ကျွန်တော်တို့ နည်းပညာကျောင်းများမှ မဟုတ်ပါဘူး။ တခြားကောလိပ်၊
တက္ကသိုလ်များလည်း နည်း ပညာ ကျောင်းများနည်းတူ အရေးပါကြပါ တယ်ခင်ဗျာ။ ကျွန်တော်က နည်းပညာကျောင်းသား ဆိုတော့ နည်းပညာကျောင်းတွေ အကြောင်းပဲ ပြောပါမယ်။
ကျွန်တော်က မိုးညှင်း(GTC)မှာ တက်တာဆိုတော့ နယ်ကျောင်းမှာ တက်တာ ပေါ့ဗျာ။ ကျွန်တော်တို့ နယ်ကျောင်းတွေက မြို့ကြီးကျောင်းတွေနဲ့စာရင် အခွင့်အရေးနည်းပါးပါတယ်။ နည်းပညာကျောင်း ဆိုတာ လက်တွေ့နဲ့ကင်းလို့မရတဲ့ကျောင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ကျောင်းတွေမှာ လက်တွေ့ဆိုတာ မရှိသလောက် ရှားပါတယ်။ နောက်ပြီး အင်တာနက်ဆိုတာလည်း နည်းပညာကျောင်းနဲ့ ကင်းလို့မရတဲ့ အရာဖြစ်တယ်လို့ ထင်တယ်။
ဘာလို့လဲဆိုတော့ ကျောင်းမှာသင်တဲ့ major တွေထဲမှာ EC (Electronic & Communication)နဲ့ IT (Information & Technology)ဆိုတဲ့ major တွေကို သင်နေတယ်လေ။ အဲဒါကြောင့် မကင်းသင့်ဘူးလို့ ထင်တာပါ။ အခုတော့ဖြင့် ကျောင်းမှာ Internet တပ်တယ်လို့ပဲ ကြားလိုက်ရတယ်။ Internet ဆိုတာ ဘယ်လိုအရာမှန်းတောင် မသိလိုက်ရပါဘူး။ ဒါပေမဲ့ Internet ဆိုတာတော့ ကျောင်းသားတွေ သိတာပေါ့။ ကျောင်းသားတွေလည်း ခေတဲ့သူတွေမှ မဟုတ်တာ။ ခေတ်ရေစီးကြောင်းမှာ စီးနေတဲ့သူတွေပဲလေ။ ကျောင်းမှာ မသိလိုက်ရဘူးလို့ ပြောတာပါ။
ကျွန်တော်လည်း ကျောင်းသာပြီးသွားတယ်။ လက်တွေ့လည်း တစ်ခုမှမလုပ်လိုက်ရ၊ အင်တာနက်လည်း တစ်ခါမှ မသုံးလိုက်ရပါခင်ဗျာ။ နောက်ပြီး သင်ကြားရေးမှာလည်း နားလည်သဘောပေါက်နိုင်စွမ်း များစွာနည်းပါးလှပါတယ်။ ကျွန်တော် ကျောင်းပြီးသွားလို့ ဆရာ/မတွေကို ပြစ်မှားခြင်းမဟုတ်ပါ။ နယ်ကျောင်းတော်တော်များများတော့ အဲဒီလိုပဲဖြစ်မယ်လို့ ထင်ပါတယ်။ နယ်ကျောင်းတွေ အများဆုံးတွေ့ကြုံနေရတာတော့ သင်ကြားသည့် ဆရာ/မများ မလုံလောက်ခြင်း၊ သင်ကြားရေးတွင်လည်း ဆရာ/မများ အသိပညာဗဟုသုတ အားနည်းခြင်း၊ သင်ထောက်ကူပစ္စည်းများ မလုံလောက်ခြင်း၊ ဖတ်စာအုပ်များ မလုံလောက်ခြင်း၊ စာကြည့်တိုက်ကောင်းကောင်းမရှိခြင်း စသည်တို့ဖြစ်ပါတယ်။
ကျွန်တော်တို့ကျောင်းမှာရှိတဲ့ စာကြည့်တိုက်ကတော့ အမြဲတမ်း သော့ခတ်ထားတာ တွေ့ရပါတယ်။ ဒါက မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ ကျောင်းတစ်ကျောင်းမှာ စာကြည့်တိုက်မရှိခြင်းဟာ လူတစ်ယောက် မျက်စိမရှိခြင်းနဲ့ တူပါတယ်။ အဲဒါကြောင့် ကျောင်းတစ်ကျောင်းမှာ စာကြည့်တိုက်မရှိခြင်းက ၎င်းကျောင်းရဲ့ မျက်စိကန်းနေခြင်းနဲ့ တူပါတယ်ခင်ဗျာ။ ကျောင်းတွင်း ကျောင်းပြင် အသိပညာဗဟုသုတဆိုတာ မရှိသလောက် ဖြစ်သွားနိုင်ပါတယ် ခင်ဗျာ။ အထက်မှာ ပြောသွားတာတွေကတော့ ကျောင်းနဲ့ပတ်သက်တာပဲ ဖြစ်ပါတယ်ခင်ဗျာ။
ကျောင်းပြီးသွားလို့ ဘွဲ့ရပြန်ရင်လည်း BE ဘွဲ့ရတာချင်းအတူတူ နယ်ကျောင်းကရတဲ့ BE ဘွဲ့တွေက မျက်နှာငယ်ရပါတယ်။ မြို့ကြီးကျောင်းကရတဲ့ BE ဘွဲ့လည်း ဒီစာပဲသင်ပြီးရတာပါ။ နယ်ကျောင်းတွေကရတဲ့ BE ဘွဲ့လည်း ဒီစာပဲသင်ပြီး ရတာပါခင်ဗျာ။ မြို့ကြီးကျောင်းနဲ့ နယ်ကျောင်းတွေ ကွာလည်း နည်းနည်းပဲ ဖြစ်သင့်ပါတယ်။ ဘွဲ့ရလို့ အလုပ်လျှောက်လျှင်လည်း နယ်ကျောင်းက ကျောင်းသားတွေ မျက်နှာငယ်ရဆဲပါ။ တက်ရတဲ့အချိန်တွေ အရမ်းနှမြောဖို့ကောင်းပါတယ်။ ငါးနှစ်ဆိုတဲ့ အချိန်တွေရယ်၊ ငွေကြေးတွေရယ်၊ ကျောင်းသားမိဘတွေရဲ့ လုပ်အားနဲ့ချွေးတွေ နှမြောစရာပေါ့ဗျာ။ နောက်ပြီး ဘွဲ့သာရတာ ဘာမှမတတ်ဘူးလို့ ပြောခံရပါသေးတယ်။ ဒါကြောင့်မို့ မြို့ကြီးက ကျောင်းသားမှ ပြည်သူမဟုတ်ပါဘူး။ နယ်ကကျောင်းသားတွေလည်း ပြည်သူတွေဖြစ်ပါတယ်လို့ ပြောချင်ပါတယ်ခင်ဗျာ။ နောက်ပြီး ပြောလက်စနဲ့ ဆက်ပြောရပါဦးမယ်။ ဟိုတစ်လောက သတင်းတစ်ပုဒ် ဖတ်လိုက်ရပါတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို အဆင့်မြှင့်တင်တော့မည်တဲ့။ ကျွန်တော် ၀မ်းသာပါတယ်။ ရန်ကုန်မြို့နေ ပြည်သူတွေရယ်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်တဲ့ ပြည်သူတွေအတွက် ၀မ်းသာစရာပါ။
ဒါပေမဲ့ ကျွန်တော်တို့လို စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းက ပြည်သူတွေ တခြားတခြားသော တိုင်းဒေသကြီးက ပြည်သူအတွက်လည်း စဉ်းစားစေချင်ပါတယ်ခင်ဗျာ။ သွားလာရေး ခရီးကြန့်ကြာခက်ခဲတဲ့ ဒေသတွေ ဖြစ်တဲ့အတွက် အရေးပေါ်အချိန်တွေ၊ မြို့နယ်ဆေးရုံတွေမှာ ကုသလို့မရတော့တဲ့ အချိန်တွေမှာ နယ်ကပြည်သူတွေမှာ အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။ နယ်ကပြည်သူတွေလည်း နိုင်ငံရဲ့ ပြည်သူများ ဖြစ်ပါတယ်။
ဒါကြောင့် စီးပွားရေးအချက်အချာဖြစ်တဲ့ မြို့ကြီးတွေ၊ အစိုးရရုံးများစိုက်တဲ့ မြို့ကြီးအပြင် ကျန်တိုင်းဒေသကြီးများမှာလည်း အဆင့်မြင့်ဆေးရုံ၊ ဆေးခန်းများ ရှိသင့်တယ်လို့ ထင်ပါတယ် ခင်ဗျာ။ နိဂုံးချုပ်ပြောရပါလျှင် ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးများကို ဖွံ့ဖြိုးတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်လျှင်လည်း နယ်မှပြည်သူတွေအတွက် ဦးစားပေးမဟုတ်တောင် နောက်ကျမကျန်ခဲ့ရင် ထည့်သွင်းစဉ်းစား ပေးစေချင်ပါတယ်ခင်ဗျာ။
မြို့ကြီးနေ ပြည်သူများနှင့် နယ်က ပြည်သူများ အဆင့်အတန်းကွာဟမှုမရှိဘဲ နိုင်ငံတစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်တာကို မြင်ချင်ပါတယ်ခင်ဗျာ။ ဒါကြောင့် မြို့ကြီးမှာနေမှ ပြည်သူမဟုတ်ပါဘူးခင်ဗျာ။ နယ်မှာနေလည်း ဒီနိုင်ငံရဲ့ ပြည်သူတွေပဲ ဖြစ်ပါတယ်လို့ ပြောချင်ပါတယ် ခင်ဗျာ။
နယ်သား

7Day News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget