Friday 8 March 2013

ဈေးကွက်နဲ့ကွက်လပ်

"_ _ _ ဆေးရုံကပါလားရှင်၊ အရေးပေါ် လူနာတင်ကား လိုချင်ပါတယ်။ ဒီမှာ လူနာ သတိလစ်နေလို့ အဲဒီဆေးရုံကို တင်မလို့ပါ"
"ဆိုင်ရာဌာနနံပါတ် _ _ _ ကို ဆက်ပါခင်ဗျာ"
"လူနာတင်ကား စီစဉ်ပေးတဲ့ ဌာနကလားရှင်၊ ဒီမှာ လူနာ အရေး ကြီးနေလို့ ကားလိုချင်ပါတယ်"
"ဟုတ်ကဲ့ လောလောဆယ်တော့ လူနာတင်ကား မရှိသေးပါဘူး။ လူနာရဲ့ အခြေအနေက ဘယ်လိုရှိပါသလဲ"
"လူနာ သတိလစ်နေပါတယ် ရှင်"
"ဒါဆိုရင်တော့ ရန်ကုန်ဆေးရုံ ကြီးကို သွားပို့ပါ။ ကျွန်တော်တို့ ခေါ်မပေးနိုင်ပါဘူးခင်ဗျာ"
လူနာသည် အိမ်သာမှအထွက်မှာ သတိလစ်နေပါတယ်။ ဒဏ်ရာတွေလည်းရထားပါတယ်။ နေတဲ့အခန်းက ငါးလွှာ အထပ်မှာနေပါတယ်။ လူနာရဲ့ ကိုယ်အလေးချိန်က ပေါင် တစ်ရာ့ ရှစ်ဆယ်လောက်ရှိပါတယ်။ စာအုပ်ဝါထဲက ပုဂ္ဂလိကဆေးရုံတွေရဲ့ စာရင်းတွေကိုကြည့်၊ တယ်လီဖုန်းတွေကို ရှာပြီး ရနိုင်သလောက် ဆက်ကြပြန် ပါတယ်။

"_ _ _ ဆေးရုံမှာ လူနာ တင်ကားရှိပါသလား။ အရေးပေါ်လူနာ ပို့ချင်လို့ပါ"
"ရှိပါတယ်။ အခုလွှတ်လိုက်မယ်"
လူနာရှင် ရင်အေးရပါပြီ။ ကိုယ့်ဘာသာကိုယ် တတ်သလောက် မှတ်သလောက် အသက်ရှူအားကူ နည်းနဲ့ ပြုစုလိုက်တဲ့အခါ တစ်ကိုယ်လုံးပြာပြီး အသက်မရှူတော့ဘဲ သတိလစ်နေတဲ့ လူနာဟာ အသက်ကလေး ရှူစပြုပြီ။ ပြာတာ လျော့သွားပြီ။ အချိန်အတန်ကြာတော့ လူနာတင်ကား ရောက်လာပါတော့တယ်။ လူနာတင်ကားဆိုတာက တောင်းအေ့ (Town Ace) ကားကို နောက်ထိုင်ခုံတွေဖြုတ်ထားပြီး လူနာတင် တွန်းလှည်းဖြည့်တင်လာတဲ့ ကားကို ခေါ်တာပါ။ ကားပေါ်မှာ လူနာသယ် ပေးဖို့ လူ့ဗလံကလေးနှစ်ယောက်ပါ လာတယ်။ ပုပုသေးသေး ဗလံကလေး နှစ်ယောက်ကို လူနာရှင် အမျိုးသမီး သုံးယောက်က ဝိုင်းကူမပေးပြီးမှ လူနာဟာ ငါးထပ်ကနေ အောက်ကို ရောက်လာပါတော့တယ်။ လူနာတင်ကားမှာ သူနာပြုမပါ။ ဆရာဝန်မပါ၊ အောက်စီဂျင်ဘူးမပါ။ အရေးပေါ် ပြုစုစရာ စက်ကိရိယာ မပါ။ ဘာမှမပါတာကြီးကိုသုံးပြီး ဆေးရုံပို့ခ ကျပ်ငွေ သုံးသောင်းနဲ့မှ ငါးထောင်တိတိ (၃၅၀ဝ၀ိ/-) ယူ လိုက်ကြပါတယ်။ ဒါဟာ အဆင့်မြင် စီးပွားရေးမြို့တော် ရန်ကုန်မှာ စီးပွားရှာနေတဲ့ ဆေးရုံလို့ နာမည်တပ်ထားတဲ့ ပုဂ္ဂလိက လုပ်ငန်းကြီးနှစ်ခုနဲ့ ဆက်စပ်မိရတဲ့ ဖြစ်စဉ်ပါပဲ။
တတိယ ပုဂ္ဂလိက ဆေးရုံကြီးမှာ ကြုံတွေ့ရတဲ့ ယင်မလုံအိမ်သာနဲ့ ယင်လုံအိမ်သာ ပူးတွဲဖြစ်စဉ်ကိုလည်း ယခင်တစ်ပတ် က ဆောင်းပါးမှာ ဖော်ပြထားပါတယ်။ ရန်ကုန်မြို့ရဲ့ အလွန်နာမည် ကြီးတဲ့ ပုဂ္ဂလိက ဆေးရုံကြီး သုံးရုံ နဲ့ ပတ်သက်မိပြီး ဆက်စပ်လို့ စတုတ္ထ မြောက် ပုဂ္ဂလိက ဆေးရုံကြီးကို ရောက်ခဲ့ရတဲ့ ဖြစ်စဉ်ကိုလည်း သတိ ရမိပါသေးတယ်။ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ အတွင်းမှာပါပဲ။ လူနာဟာ အရေးပေါ် ခွဲစိတ် ကုသခံရတယ်။ အရေးပေါ်ဖြစ်တဲ့ အတွက် ဝမ်းမချူသာဘဲ ခွဲစိတ်ရတာ မို့ ခွဲစိတ်အပြီးမှာ သဘာဝအတိုင်း မစင်တွေ ထွက်ကျ လာတယ်။ မစင်ကို သုတ်သင်ပေးမယ့် သူနာပြုဆိုတာတွေ မရှိတော့ပါဘူး။ မိသားစုတွေ ကိုယ်တိုင် ခွဲခန်းထဲက ထွက်လာတဲ့ လူနာကို ကူညီပြုစု သန့်ရှင်းရပါတယ်။ နောက် ပြဿနာကတော့ အခန်းတွင်းကိစ္စပါပဲ။ ဟိုတယ် မှာယူတဲ့ အခမျိုးဆေးရုံမှာ နေ့စဉ်ပေးရပါတယ်။ဒါပေမယ့် လက်ဆေးဇလုံမှာ ရေမလုံ ဘူး။ လက်ဆေးလိုက်ရင် ခြေထောက်ပါ ဆေးပြီးသား ဖြစ်သွားတယ်။ လေအေး ပေးစက်က မကောင်းပါဘူး။ လူနာရှင်က အကြောင်းကြား တဲ့အခါ စေတနာနဲ့ ချက်ချင်းလိုက် လာပေးပြီး ခွဲစိတ်ခံထားရတဲ့ လူနာရဲ့ ခေါင်းပေါ်က လေအေးပေးစက်ကို ပြုပြင်ကြပါတော့တယ်။
ပို့အော့(ပ်) (Post-Op) နေ့ဖြစ် တဲ့ နောက်တစ်နေ့မှာ ခွဲစိတ်ဆရာဝန် ကြီးက မှတ်ချက်ရေးထားတယ်။ လူနာဟာ ခက်ခဲစွာ ခွဲရတယ်။ ဗိုက် ထဲမှာရှိတဲ့ အူအတက်မှာ ပြည်တည် နေတာမို့ ပိုးမပျံ့အောင် ကြိုးစား ခွဲထားရတယ်။ ပိုက်နဲ့ဆေးရည်သွင်း ထားပြီးသားမို့ ပါးစပ်က ဘာမှ မကျွေးရလို့လည်း မှတ်ချက်ပေးထား ခဲ့တယ်။ ဒါပေမယ့် တာဝန်ကျတဲ့ ဆရာဝန်ကလေးဟာ စာမဖတ်ပါဘူး။ စေတနာ ရှိလွန်းလှတဲ့အတွက် ဗိုက်နာနေတဲ့ လူနာ သက်သာအောင် ပါးစပ်ကနေ ဆေးတိုက်လိုက်တော့တယ်။ တာဝန်ခံ ခွဲစိတ်ထားတဲ့ ဆရာဝန်ကြီး သိသွားတဲ့ အခါမှာ အလွန် ဒေါသထွက်ရရှာတယ်။
"နင်တို့ ဆေးရုံဟာ ငါ့လူနာတွေကို ဒီလိုလုပ်တာများပြီ။ ငါနောက်ထပ် မလာတော့ဘူး။"လို့ ပြောပြီး လူနာကိုလည်း ဆေးရုံ ပြောင်းခိုင်းပါတော့တယ်။ လူနာရော၊ လူနာရှင်ဟာ ပျာပျာ သလဲဖြစ်ရပြီ။ ခွဲစိတ်ခံရပြီး ၂၄ နာရီ မပြည့်ခင်မှာ ဘယ်လိုလုပ် ဆေးရုံပြောင်းမလဲ။ ဆေးရုံမပြောင်းရင် ဆရာဝန်ပြောင်းလို့လည်း မဖြစ်ဘူး လေ။ လူနာရဲ့ ရာဇဝင်ကို ခွဲစိတ်ထားတဲ့ ဆရာဝန်ကြီးကပဲ သေသေချာချာသိတာ။ အဲဒီခွဲစိတ်ဆရာဝန်ကြီးက ဘယ်လောက် တော်သလဲဆိုရင် မခွဲခင်မှာ သေသေချာချာ Ultrasound တီဗီဓာတ်မှန်နဲ့ရိုက်ကြည့်တယ်။ မသင်္ကာစရာတွေ့တာမို့ ကွန်ပျူတာ ဓာတ်မှန် (CAT Scan) ထပ်ရိုက်ခိုင်းတယ်။ နောက်ထပ် ပဉ္စမ နာမည်ကြီး ပုဂ္ဂလိက ဆေးရုံကြီးက ဆရာဝန် ကြီးက ရိုက်ပေးပြီး ဘာမှ မဖြစ်ဘူးဆိုတဲ့ မှတ်ချက်နဲ့ ပြန်လာတာကို သံသယရှိတယ်။ ကိုယ်တိုင်စမ်းထားတဲ့ အလုံးဟာ ဗိုက်ထဲမှာ ရှိနေတာသေချာပေမယ့် ကွန်ပျူတာက မပြဘူး။ ဒါကြောင့် ပဋိဇီဝဆေးတစ်ပတ်ပေး၊ စောင့်ကြည့်၊ နောက်ထပ် Ultrasound ရိုက်ကြည့်ပြီး သေချာတော့ မှ အရေးပေါ်ခွဲစိတ်မှု ပြုလုပ်ခဲ့ပါတယ်။ ခွဲစိတ်မှုရဲ့ ရလဒ် ကတော့ မကြာခင်က အူအတက်ရောင်ခဲ့ပြီး လေးလက်မ လောက်ရှည်တဲ့ အူအတက်ဟာ ပေါက်လုပေါက်ခင် ဖြစ်နေတဲ့အနေ အထားပါပဲ။
ဒီလိုကျွမ်းကျင်တဲ့ ခွဲစိတ် ဆရာဝန်ကြီးကိုစွန့်ခွာပြီး တခြား ဆရာဝန်ပြဖို့ဆိုတာ မဖြစ်နိုင်တော့ တာမို့ အဲဒီစတုတ္ထ ဆေးရုံကြီးကိုပဲ လာကြည့်ပေးဖို့ ဝိုင်းပြီး တောင်းပန် တိုးလျှိုးရတော့တယ်။ ဆရာဝန်စိတ် ရှိတဲ့သူမို့ သည်းခံပြီး ဆက်ကြည့်ပေး တယ်။ လူနာကောင်းသွားတယ်။ ဆေးရုံကဆင်းတယ်။ ပုဂ္ဂလိက ဆေးရုံဝန်ထမ်း ဆိုသူ တွေဟာ ပြည်သူ့ဝန်ထမ်းတွေထက် လခကောင်းကောင်းရပုံရပါတယ်။ လူနာတွေကို ဂရုစိုက်ကြတယ်။ ပြည်သူ့ဆေးရုံတွေ မှာထက် ဂရုစိုက်ကြတယ်။ ဂရုစိုက်ရုံမက မျက်လုံး ဒေါက်ထောက် ကြည့်နေလိုက်ကြတာ ဒေါင့်စုံကပဲ။ စူပါ မတ်ကက် ကုန်တိုက်ကြီးတွေပေါ်ကာစက အရောင်းအကူ ဝန်ထမ်းတွေနဲ့ တစ်ထေရာတည်းပဲ။ ဈေးဝယ်လာ သူနောက်က ကပ်လိုက်လာတယ်။ ခြေတစ်လှမ်း အကွာကနေ ဖဝါးခြေထပ် လိုက်လာတယ်။ ကူညီဖို့ဆိုတဲ့ အကြောင်းပြချက်ကိုပြပြီး အဓိကလုပ်ငန်းကတော့ သူခိုးဖမ်းဖို့ပါပဲ။ ဈေးဝယ်သူတွေက ခိုးယူသွားမှာကို ကြောက်လွန်းလို့ မျက်စိတောင် မမှိတ်ရဲဘူး။ဒီလိုပါပဲ။ ပုဂ္ဂလိက ဆေးရုံဝန်ထမ်းတွေ ခမျာမှာလည်းလူနာကိုရော လူနာရှင်ကိုပါ ပျာပျာသလဲ ဆက်ဆံကြတယ်။
"ငွေပေးပြီးကြောင်း ပြေစာ ယူလာပြီးမှ ဆေးထုတ်ယူရန်"
"ငွေပေးပြီးကြောင်း ပြေစာယူ လာပြီးမှ ဓာတ်ခွဲခန်းအဖြေထုတ်ယူ ရန်"
"ငွေနှစ်သိန်း စပေါ်တင်ပြီးမှ လူနာ ဆေးရုံတက်ရန်" စသည်ဖြင့် ငွေရဖို့ ကြိုးစားတောင်းခံကြရရှာပါ တယ်။ ဒါပေမယ့် မရိုင်းပျရှာကြပါဘူး။ လူနာနဲ့ လူနာရှင်အနားမှာ ပြုံးပြုံး ပြုံးပြုံးနဲ့ တရစ်ဝဲဝဲဖြစ်နေ ကြတာပါပဲ။ အားလုံးအတွက် ငွေအ ကြေချေပြီးရင်တော့ ဖြုတ်ခနဲပျောက် သွားကြပါတော့တယ်။ ဆေးရုံဆင်းမယ့် လူနာအတွက်တော့ လွတ်လပ်စွာ ကိုယ့်ခြေထောက်ကိုယ်သုံးပြီး သွားလိုရာသွားနိုင်ပါပြီ။ ကျွန်တော် တို့ဌာနဆိုင်ရာ အသုံးအနှုန်းနဲ့ဆိုရင် တော့ ကားနံပါတ် (၉၆၉၃) နဲ့ သွားလိုရာ သွားခွင့် ပေးတာပါပဲ။ ဌာနဆိုင်ရာကားကို တောင်းလိုက် မိရင် (၉၆၉၃) ပါပဲ။
"ကိုယ့်ခြေ ထောက်ကိုယ်သုံး" လို့ အဓိပ္ပာယ် ရပါတယ်။ ဆေးရုံဆင်းတဲ့ လူနာဟာ ကိုယ်အားကိုယ်ကိုးရမှာပါပဲ။ ဒီနေရာမှာတော့ ဟိုတယ်တွေ နဲ့ ကွာသွားပါပြီ။ ဟိုတယ်မှာ ပြန်ထွက်ရင် "Check out" ဆိုတာရှိပါတယ်။ ဟိုတယ် ဝန်ထမ်းတွေက စစ်ဆေးပြီး ကျေနပ်မှသာ ဧည့်သည် ဟာ ထွက်ခွာခွင့်ရှိတယ်။ မနှစ်က ကျွန်တော် ဧည့်သည်တွေကို ခေါ်ပြီး မြို့တော်ကြီးက ဟိုတယ် ကြီးတစ်ခုမှာ တည်းခဲ့ တယ်။ ဂျာမနီနိုင်ငံက ကမ္ဘာကျော်ပညာရှင်ကြီး တွေပါတဲ့ အဖွဲ့နဲ့အတူ အ ရေးကြီးတဲ့ အစည်းအဝေး တစ်ခုကိုလုပ်ခဲ့ပြီး ပြန်ဖို့ပြင် တဲ့အချိန်မှာ ဟိုတယ် ဝန်ထမ်းမိန်းကလေးဟာ အမောတကောရောက်လာတယ်။ ထွက်ခွာတော့မယ့် ကားကို ရပ်တန့် ခိုင်းပြီး ဧည့်သည်တွေကိုကြည့်၊ အခန်း နံပါတ်ကိုပြောပြီး အဲဒီအခန်းမှာ တည်းခဲ့တဲ့ ဧည့်သည်ထံကနေ သူယူ သွားတဲ့ ပစ္စည်းကို ပြန်တောင်းပါတော့ တယ်။ ဧည့်သည်ကြီးကလည်း ရှက် ကိုးရှက်ကန်းနဲ့ သူ့သေတ္တာကြီးကို ကားအောက်ချ၊ ဖွင့်ပြပြီး သူယူလာ တဲ့ ပစ္စည်းကို ပြန်ပေးရှာတယ်။ "ဟော်တယ်ခန်းမှာ အကြမ်းစီးဖို့ထား တဲ့ ခြေညှပ်ဖိနပ်ကလေး" ဖြစ်ပါ တယ်။
ကမ္ဘာပေါ်က ဟိုတယ်ကြီး တော်တော်များများက လူကြီးလူကောင်းတွေ တည်းတဲ့နေရာမှာဒေသ ဖြစ် အကြမ်းခံဖိနပ် ကလေးတွေကို အခန်းထဲမှာ စီးဖို့၊ ပင်လယ်ကမ်းစပ်သဲ သောင်မှာစီးဖို့ ထားထားလေ့ရှိပါတယ်။ ယူသွားလည်း ဘာမှ ပြန်မတောင်းပါဘူး။ အဓိကထားတာက ဟိုတယ်ခန်းထဲမှာ ပြောတဲ့ တယ်လီဖုန်းခနဲ့ ရေခဲသေတ္တာထဲမှာ ထည့်ထားပေးတဲ့ အဖျော်ယမကာဖိုးပါပဲ။ စစ်ဆေးပြီး ပြေစာနဲ့တကွ ငွေချေခဲ့ရုံပါပဲ။ မြန်မာ ပြည်မှာတော့ အကြမ်းစီး ဖိနပ်ကလေး တစ်ရံအတွက် ချွေးပြန်ပြေးလွှားလာတဲ့ မိန်းကလေးနဲ့ သူခိုးလို့ အထင်ခံရတဲ့ နိုင်ငံခြားသား ပညာရှိကြီးရဲ့ မျက်နှာတွေဟာ ကျွန်တော့်မျက်စိထဲကမထွက် ဘူးဖြစ်နေတယ်။ ဟိုတယ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ ဘာတွေဖြစ်နေသလဲ ဆိုတာကို မြန်မာတွေ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲတွေကြည့်ပြီး လှမ်းမျှော် သဘောကျခဲ့ဖူးပါတယ်။ မြန်မာ့ရုပ်မြင် သံကြားမှာ တစ်ချိန်က ပြခဲ့တဲ့ အခန်းဆက် ဇာတ်လမ်းတွဲကြီးပါပဲ။ ဒါပေမယ့် ဇရပ်မှာတည်းရတဲ့ ခရီးသွား ဘဝကနေ ဘုန်းကြီးကျောင်းတွေမှာ တည်းခို၊ ဆွေမျိုးအိမ်တွေမှာ တည်းခို ရာကနေ မိတ်ဆွေအိမ်တွေမှာ တည်းခိုရတဲ့ မြန်မာခရီးသွားတွေရဲ့ ဘဝဟာ အခုမှ ရုတ်တရက် အပြောင်း အလဲနဲ့ ကြုံကြရပါတယ်။
တစ်ချိန်ကတော့ ဆန်၊ ဆီ၊ ငံပြာရည်က အစ ငှက်ပျောခိုင်အထိရွက်ပြီး တက်လာကာ တည်းခိုခအနေနဲ့ တုံ့ပြန်ကြရရာကနေ ငွေပေးပြီး တည်းခိုရတဲ့ အခြေအနေရောက်လာတယ်။ ဝန်ဆောင်မှု အခန်းကဏ္ဍမှာ ခရီးသွားလုပ်ငန်းဟာ (Tourism Industry) အဖြစ်နဲ့ ကြီးကျယ်လာတယ်။ ဒီအထဲမှာ ဝန်ဆောင်မှု ကဏ္ဍ (Service Sector) မှာ အလွန် လျင် မြန်စွာ တိုးတက်လာတဲ့ ဖြစ်ရပ်တစ်ခုကို မြန်မာလူထုက သိသလိုလို မသိ သလိုလိုဖြစ်နေတယ်။ အဲဒါကတော့ ကျန်းမာရေးဝန်ဆောင်မှု ကဏ္ဍ (Healthcare Service) ပဲ ဖြစ်ပါ တယ်။ ကျန်းမာရေးစောင့်ရှောက်မှု (Healthcare) ဆိုတာနဲ့ ဆေးကု တာကို မြန်မာလူထုဟာ ကွဲကွဲပြားပြား မသိကြသေးသလို ဝန်ဆောင်မှု ပေးနိုင်စွမ်းရှိတဲ့ တာဝန်ရှိသူတွေကလည်း နားလည်သလိုလိုနဲ့ နား မလည် တာတွေ့ရပါတယ်။ ဆေးကုတဲ့ နည်းနဲ့ ပြည့်စုံတိုး တက်လာသူတွေဟာ အခုအခါမှာ ဆေးစစ်ပေးတဲ့နည်းနဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေ ထပ်တိုးပေးလာကြတယ်။ CAT Scan လို့ခေါ်တဲ့ ကွန်ပျူတာ ဓာတ်မှန်ရိုက်ခဟာ ပြည် တွင်းမှာတော့ အနည်းဆုံး ကျပ်တစ်သိန်းလောက်ပေး မှရပါတယ်။ ဒါ တောင်မှ ကျွန်တော်ရှေ့ပိုင်းမှာ ရေးခဲ့သလို ရောဂါအချို့ကို ရှာဖွေနိုင်စွမ်း မရှိဘဲ လွတ်သွားတဲ့ ကိစ္စတွေ ရှိနေတယ်။
လူနာသေသွားခဲ့ရင်၊ နာတာ ရှည်ဖြစ်သွားခဲ့ရင်၊ ဆေးကုဖို့ ပိုက်ဆံ ကုန်သွားခဲ့ရင်တော့ ဆရာမင်းသိင်္ခ ရဲ့ စာနိဂုံးအတိုင်း "သဗ္ဗေ သတ္တာ ကမ္မ သကာ" ထဲကို ဝင်သွားဖို့ပဲ ရှိပါ တယ်။ နိုင်ငံတကာက အာရှကို စူးစိုက် လာကြတဲ့အထဲမှာသက်သာထိရောက် တဲ့ ကျန်းမာရေးဝန်ဆောင်မှုကဏ္ဍ ပါနေတယ်။ စင်ကာပူနဲ့အပြိုင် ထိုင်း၊ မလေးရှားသာမက အိန္ဒိယနိုင်ငံကပါ ဈေးကွက်ရှယ်ယာကို ဝင်ယူလာတာ တွေ့ရတယ်။ တစ်ချိန်က စင်ကာပူ ဆေးရုံတွေကို မြန်မာဆရာဝန်ကြီးတွေ ဖြစ်တဲ့ ဦးဖေညွန့်တို့၊ ဦးထွဋ်ဆိုင် တို့က ကူညီပြီး တိုးတက်အောင် လုပ်ခဲ့ဖူးတယ်။ မလေးရှားနိုင်ငံကို မြန်မာဆရာဝန်တွေလွှတ်ပြီး ကူညီခဲ့ ဖူးတယ်။ သီရိလင်္ကာနိုင်ငံကို မြန်မာ ဆရာဝန်တွေလွှတ်ပြီး ကူညီခဲ့ဖူးတယ် တဲ့။ ရွှေထီးဆောင်းချိန် ရှိခဲ့တယ်။ အခုမြန်မာ့ကျန်းမာရေးဈေး ကွက်ဟာ ဘယ်သူ့လက်ထဲ ရောက် သွားပြီလဲ။
ဒေါက်တာခင်မောင်လွင်

Health Digest

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget