Tuesday 12 March 2013

ယောင်္ကျားလေးဘ၀ပျက်ရင် ပိုဆိုးတယ်..

။(အမျိုးကောင်းသားများကိုသာရည်ရွယ်ပါသည်။)


ကိုယ်တွေ့(သူငယ်ချင်းတစ်ယောက်ရဲ့) အဖြစ်အပျက်လေးတစ်ခု တင်ပြပါရစေ..။ လူရယ်လို့ ဖြစ်လာရင် ယောင်္ကျားရယ်..မိန်းမရယ်ဆိုပြီး နှစ်မျိုးပဲ ရှိပါတယ်..။ လိင်ခွဲခြားမှုအရ   ပေါ့လေ..။ မိန်းကလေး တစ်ယောက် ဘ၀ပျက်ရင် သနားမယ့် ပတ်ဝန်းကျင် ရှိနိုင်ပါသေးတယ်..။ ယောင်္ကျားလေးတစ်ယောက် ဘ၀ပျက်သွားရင် သနားမယ့် ပတ်ဝန်းကျင်မရှိဘဲ….ဘယ်လိုမှ လူတောတိုးလို့မရအောင် ဖြစ်သွားတာတွေ အမှန်တစ်ကယ် ရှိနေပါတယ်..။


ဒါကြောင့် ကျွန်တော်တို့ ယောင်္ကျားလေးတွေလည်း မိမိကိုယ် မိမိ တန်ဖိုးထားတက်ဖို့ လိုအပ်လှပါတယ်။ ဒါဆို ဖြစ်စဉ်လေးကို လေ့လာကြည့်ရအောင်….။ ဒါက ဥပမာလေးပါ..။
ကျွန်တော်တို့ သူငယ်ချင်းတွေ ဆယ်တန်းအောင်တော့ နှစ်သက်ရာလမ်းကြောင်းအလိုက် ကျောင်းတွေ ယူကြ ပါတယ်..။ ကျွန်တော့်သူငယ်ချင်း ရန်နိုင်(အမည်လွှဲထားပါသည်။) ကတော့ စစ်တက္ကသိုလ်ကို တက်ရောက်ခွင့် ရသွားပါတယ်။ သူ့အဖေကိုယ်တိုင်ကိုက ဗိုလ်မှူးတစ်ယောက်ဖြစ်နေတော့ သူ စစ်တက္ကသိုလ်ကို ယူတာ မထူးဆန်း လှပါဘူး။
ကျောင်းဆင်းတော့ တပ်မတော်(ရေ) မှာ တာဝန်ထမ်းဆောင်ခွင့်ရပါတယ်..။ဒီလိုနဲ့ တွေ့တဲ့အခါတွေ့လိုက် မတွေ့တဲ့ အခါ မတွေ့လိုက်နဲ့ (၆) နှစ်ကျော်လာတော့ သူ ဗိုလ်ကြီးရာထူးကို ရနေပါပြီ။ တော်တာလည်း ပါတာ ပေါ့လေ..။ အဲ့အချိန်ထိ လူပျိုအရာရှိအဖြစ်နဲ့ ရှိနေဆဲပါပဲ။ဒီလိုနဲ့ နေနေရာကနေ..တိုင်းပြောင်း ရပါတယ်..။ သူပြောင်းရတဲ့နေရာ ကတော့ ထားဝယ်ဘက်ကိုပါ..။
ထားဝယ်ကိုရောက်တော့ မိဝေး ဘဝေးနဲ့ တာဝန်ထမ်းဆောင်ရတော့ ထမင်းကို ဆိုင်တစ်ဆိုင်မှာ လပေးစား ရတာ ပေါ့လေ..။ အဲ့ဒီမှာ လမ်းကြောင်းစတော့တာပါပဲ..။
ထမင်းဆိုင်က ကောင်မလေးတစ်ယောက်က ခပ်ကဲကဲလေးပါ။ ဒီ ဗိုလ်ကြီးပေါက်စလေးကို သဘောကျ နေပါတယ်။ ရန်နိုင်လာရင်..ဖွယ်ဖွယ်ရာရာ လုပ်ပေး..အရမ်းဂရုစိုက်ဆိုတော့ ကြာလာတော့ ကျွန်တော့် သူငယ်ချင်း ဗိုလ်ကြီး ရန်နိုင်ခမျာ..အရှောင်ခက် အတိမ်းခက် ဖြစ်နေတော့တာပေါ့လေ..။ နယ်မှာ ထမင်းဆိုင်ကောင်းကောင်းကလည်း ရှားပါးလွန်းလေတော့ နောက်တစ်ဆိုင်ပြောင်းဖို့ရာလည်း မလွယ်လှပါဘူး။
သူကတော့ ရိုးရိုးပါပဲ..ဒါပေမယ့် နှစ်အနည်းငယ်ကြာလာတော့ အရက်သောက်တက်လာပါတယ်..။ အရက်သောက် တက်ပေမယ့်..အရာရှိတစ်ဦး ဖြစ်နေလေတော့ ထိန်းထိန်းသိမ်းသိမ်းပေါ့လေ..။
တစ်နေ့ကျတော့ အရက်သောက်ဖြစ်တာ သာမန်ထက် နည်းနည်းများသွားတော့ အမူးလွန်တဲ့ အဆင့်ကို ရောက်သွားပါတယ်။ ဒါပေမယ့် အသိတော့ မလွတ်ခဲ့ပါဘူး။ အဲ့ဒီအခြေအနေမှာ…သူ့ကို ကြိုက်နေတဲ့ ထမင်းဆိုင်က ကောင်မလေး က ဒီမှာ ခဏလှဲနေဖို့နဲ့ အမူးပြေမှ ပြန်ဖို့ ပြောဆိုနေတော့ သူငယ်ချင်းလည်း ခဏတော့ လှဲနေ မယ်လေ ဆိုပြီး လှဲနေလိုက်ပါတယ်။
အရာရှိတွေဟာ..နေရာတကာမှ သရုပ်ပျက်နေ့လေ့မရှိပါဘူး။ သူတို့  အသိုင်းအ၀ိုင်းထဲမှာသာ နေချင်သလို နေနေ ပေမယ့် အပြင်မှာတော့ လွန်ကဲအောင် နေလေ့မရှိပါဘူး။ ဒါဟာ စစ်ဘက်ဆိုင်ရာအရာရှိတွေရဲ့ အကျင့်ပါ။
ပတ်ဝန်းကျင်ကလည်း နည်းနည်းအေးနေ..အရက်ရှိန်ကလေးကလည်း ရှိနေတော့ အပြင်က ကွတ်ပျစ်လေးမှာ ခဏ အိပ်ပျော်သွားပါတယ်။ အိပ်ယာနိုးလာတော့ သူဟာ အိမ်တစ်အိမ်ထဲက အိပ်ခန်းထဲကို ရောက်နေပြီး နိုးလာတာကလည်း လှုပ်နိုး ခံလိုက်ရလို့ပါ။ သူ့ဘေးမှာလည်း ထမင်းဆိုင်က ကောင်မလေးက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေလျက်ပါ။အချို့အချို့သောအ၀တ်အစားတို့လည်း လျော့ရိလျော့ရဲ ရှိနေပါတယ်။
စာဖတ်သူများ တွေးကြည့်ပါ။ ဘာတွေဖြစ်ကုန်ပြီလဲလို့..။ ထင်သလိုတော့ မဟုတ်ပါဘူး။ အမှန်က ကျုံးသွင်း ခံလိုက် ရတာပါပဲ။ (စကားလုံးရိုင်းသွားရင် ခွင့်လွှတ်ပါ)။ နောက်ဆုံးမှာ စစ်တပ်စကား ငှားသုံးရရင်( ရေး-၃) စပ်တာခံလိုက် ရတာပါပဲ။( ရေး-၃ )ဆိုတာ မိန်းမကိစ္စ အရှုတ်အရှင်းဖြစ်တာကို ပြောတာပါ။
ရေး - ၃ အစပ်ခံရတဲ့ တပ်မတော်သားတစ်ယောက်တစ်ယောက်ဟာ…တစ်ကယ်တော့ လုံးဝမလွယ်တဲ့ ကိစ္စ တစ်ခုပါ။ နောက်ဆုံးမှာတော့ ပြဿနာတွေ အများကြီးဖြစ်ကုန်မှာ စိုးလို့ ယူလိုက်ရပါတော့တယ်။ မချစ်ဘဲနဲ့ ယူလိုက်တာဆိုတော့ ကျွန်တော့်သူငယ်ချင်းက အဆိုပါ ကောင်မလေးနဲ့ ဘယ်တော့မှ တူတူမအိပ်ပါဘူး။ တူတူလည်း မနေပါဘူး။ အချိန်ရှိသမျှ အရက်ကြီးပဲ သောက်နေတော့တာပေါ့လေ..။
နောက်ဆုံး အရက်သမားဖြစ်ပြီး တိုးတက်မယ့် လမ်းတွေလည်း ပျောက်..။ မိဘများလည်း အရှက်ရ..နဲ့ တပ်က ထွက်လိုက်ရတဲ့အထိ ဖြစ်ကုန်တော့တာပါပဲ..။ နောက်ဆုံးရဲ့ နောက်ဆုံးမှာ ထမင်းဆိုင်က ကောင်မလေးနဲ့ ကွဲပြီး သူလည်း အရက်သမားဖြစ်သွားတော့တာပါပဲ။
အဲ့ ကောင်မလေးကတော့ နောက်တစ်ယောက်နဲ့ ထပ်ယူပြီး အေးအေးဆေးဆေး ဖြစ်နေပါပြီ..။ ကျွန်တော့ သူငယ်ချင်းမှာသာ…..လမ်းကြောင်းတွေပျောက်..ဘ၀တွေပျက်..ဖြစ်ရပါတယ်။
ပြောချင်တာကတော့ အဲ့ဒါပါပဲ…။ သမိုင်းကြောင်းတွေ ပြန်ကြည့်လိုက်ရင်လည်း မိန်းမကြောင့် ဖြစ်ရတဲ့ စစ်ပွဲတွေ မနည်းပါဘူး။ လေ့လာဖူးရင် သိနိုင်ပါတယ်။ မိန်းမဖျက်ရင် ပြည်ပျက်တယ် ဆိုတဲ့ မြန်မာစကားပုံလည်း ရှိနေတာ အားလုံးအသိပါပဲ..။
ဘုရားကလည်း ဟောကြားတော်မူထားပါတယ်။ ယောင်္ကျားတစ်ယောက်ရဲ့ မျက်လုံးထဲမှာ မိန်းမတစ်ယောက် လောက် ကြည့်ကောင်းတဲ့ အရာ ဘယ်အရာမှ မရှိဘူးတဲ့။ စာဖတ်သူများ စဉ်းစားကြည့်စေလိုပါတယ်..။ ကျွန်တော် တို့ အမျိုးကောင်းသား များကလည်း မိန်းမပျိုတစ်ဦးကို နှစ်သက်မိရင် ဘာမှမမြင်တက်ကြပြန်ဘူး။ မရှောင်နိုင်တာ များကြတယ်။ အားနာတာနဲ့ ပေါင်းလိုက်ရင်.. ခံသွားကြရတာ များပါတယ်။
ဒါကြောင့် ဘုရားဆုပန်ခွင့်တောင် ရှိနေတဲ့ ယောင်္ကျားသားများ ဆိုပေမယ့်လည်း မိန်းမနဲ့ ပတ်သတ်လာရင် သတိ ထားဖို့လိုအပ်ပါတယ်။ ဒီလိုပြောလို့ မိန်းမမုန်းတီးရေးကို မရည်ရွယ်ပါဘူး။ နှမအရွယ်ကို နှမလို..အစ်မအရွယ်ကို အမလို သဘောထားပြီး ထိန်းသင့်တာထိန်း သိမ်းသင့်တာသိမ်းပြီး နေတက်ရင် တန်ဖိုးရှိတဲ့ မင်းယောင်္ကျားဘ၀ ကို ရလာမှာပါ။
ဒါဆိုရင် သူငယ်ချင်းများလည်း သိလောက်ပါပြီ။ ကိုယ့်ဘ၀ကို ကိုယ်တန်ဖိုးထားပါ။ အိုင်တွေ့လို ခြေဆေးရင် ခြေထောက်ညစ်ပတ်ပါတယ်။ ကိုယ့်ခြေထောက်လေး သန့်နေမှ အပေါ်ကို တက်တဲ့အခါ တင့်တောင့်တင့်တယ် ရှိမှာပါ။ ခြေဆေးတဲ့ရေကို ဘယ်သူမှ သောက်ရေ မလုပ်ပါဘူး။ ရတနာရှိရာ ရတနာလာပါလိမ့်မယ်။
လောကမှာ တန်ရာ တန်ရာဆိုတာ တစ်ကယ်ရှိပါတယ်..။ တစ်ချို့ကတော့ ငြင်းတက်ကြပါတယ်..။ ဖူးစာပါရင် ရှောင်မရဘူးတို့..သူဌေးမနဲ့ညားတဲ့ ပိုင်းလုံးကောင်တို့…သူဌေးနဲ့ညားတဲ့ အပျက်မတို့ …အမျိုးမျိုးပြောကြပါလိမ့်မယ်။ သင့်ကိုယ်တိုင်လည်း အဲ့လိုစိတ်ထဲကပြောနေပြီး ဟုတ်တယ်လို့ ထောက်ခံခဲ့ရင်..သင်လည်းသူတို့နဲ့  ဘာမှမခြား ပါလားလို့ ပြန်ပြီး နှလုံးသွင်းစေချင်ပါတယ်။
ဗုဒ္ဓတရားတော်မှာ ရှိပါတယ်..။ “ ရေတို့မည်သည် အလွတ်ထားခဲ့လျှင် နိမ့်ရာသို့သာစီးမြဲ ဓမ္မတာရှိသည့် အတိုင်း … သတ္တ၀ါ(လူ)တို့မည်သည် စိတ်ကို လွှတ်၍ထားခဲ့လျှင်...မကောင်းမှုသို့သာ သွားမြဲဓမ္မတာရှိသည်။” လို့ ဆိုမိန့်ထား ပါတယ်။ သင်လည်း ဒီအတိုင်း စိတ်ကို လွှတ်ပြီးထားနေမယ်..ပေါ့ပေါ့ပါးပါးနေမယ် ဆိုရင်  မကောင်းမှုသို့သာ သွားနေမယ်ဆိုတာ မမေ့အပ်ပါဘူး။ ကိုယ်တိုင်အသိဆုံးဖြစ်မှာပါ။ ကျွန်တော်လည်းကြိုးစားနေပါတယ်။
ကျွန်တော့်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ (နည်းနည်းလွန်ကဲပြောတယ် ထင်ချင် ထင်နိုင်ပါတယ်)။ အမျိုးကောင်း သားဘ၀ကို ယောင်္ကျားလေးအတော်များများကို ရောက်စေချင်ပါတယ်…။ ကြိုးစားကြည့်စေချင်ပါတယ်..။ ပျိုတိုင်း ကြိုက်တဲ့ နှင်းဆီခိုင်ခြင်း တူခဲ့ရင်တောင် ဒီနှင်းဆီခိုင်ကြီးကို အဘယ်အတန်းအစားက ပျိုတွေကကြိုက်တာလဲဆိုတာ ယှဉ်ကြည့်နိုင်ပါတယ်။ ကိုယ့်တန်ဖိုးကို သူများကလာတင် မပေးနိုင်ပါဘူး။ ကိုယ့်တန်ဖိုးကို ကိုယ်ကပဲ ဆွဲတင် ဆွဲတက် လုပ်ရမှာပါ။ အများက ပံပိုးယုံပဲ ပံပိုးရမှာပါ။
တစ်ကယ်တန်းလုပ်ရမှာ မိမိကိုယ်တိုင်ပါပဲ..။ အရှင်အာနန္ဒာကို ဗုဒ္ဓမြတ်စွာနောက်ဆုံးပြောကြားခဲ့တဲ့ စကားသုံးခွန်း ရှိပါတယ်။ အဲ့ဒါကတော့ …
အမျိုးသမီးများနဲ့ပတ်သတ်၍…မကြည့်လေနှင့်..(ကြည့်မိခဲ့သော်..)စကားမပြောလေနှင့်…(မလွှဲမရှောင်သာစကား ပြောမိခဲ့သော်..) အမိအရင်းကဲ့သို့ သဘောထား၍ ပြောဆိုရာ….။
တဲ့ခင်ဗျ..။ ကျွန်တော်ကတော့ အမှန်ပြောတာပါ..မလုပ်နိုင်ပါဘူး။ ဒါကြောင့်..ကြည့်မိပါတယ်..။ စကားကတော့ ရင်းနှီးရင် နည်းနည်းပြောပါတယ်..။ မလွဲမရှောင်သာ လာရင်တော့ နှမလို..အမလို..အမေလို..သဘောထား လိုက်ပါ တယ်.။(အဲ့..တရားသဘောအရ လှရင် လှတယ်လို့ နှလုံးသွင်းပါတယ်။) ကဲ..ဒီ အက်ဆေးအတွက် ဘုရားပွင့်တော် မူခဲ့တဲ့ခေတ်က ဥဒယဘဒ္ဒဇာတ် နဲ့ဇာတ်သိမ်း ပါမယ်။
ဥဒယဘဒ္ဒသတို့သားက အမျိုးကောင်းသမီးတစ်ယောက်ကို နှစ်သက်တော့ လူပျိုလှည့်ပါတယ်။
ပထမရက်မှာ ရွှေလင်ပန်းနဲ့ ရွှေအပြည့်ထည့်ပြီး လှည့်ပါတယ်..။ အမျိုးကောင်းသမီးက ငြင်းလိုက်ပါတယ်။
ဒုတိယရက်မှာ ငွေလင်ပန်းနဲ့ရွှေအပြည့်ထည့်ပြီး လှည့်ပါတယ်။ အမျိုးကောင်းသမီးက ထပ်ငြင်းပါတယ်။
တတိယနေ့မှာ ငွေလင်ပန်းနဲ့ ငွေအပြည့်ထည့်ပြီး လှည့်ပါတယ်။ အမျိုးကောင်းသမီးက ပိုပိုပြီး ငြင်းပါတယ်။
စတုတ္ထနေ့မှာ ကြေးလင်ပန်းနဲ့ ငွေအပြည့်ထည့်ပြီး လှည့်ပါတယ်။
အဲ့ဒီလို တစ်နေ့ထက်တစ်နေ့ လျော့လျော့ပြီး လူပျိုလှည့်ပါတယ်။ အဲ့ဒီအခါ အမျိုးကောင်းသမီး အပျိုမလေးက မေးလာပါတယ်။
“ ရှင်က တစ်မျိုးပါလား။ တစ်ခြားလူပျိုတွေက တစ်နေ့ထက်တစ်နေ့ပိုပိုပြီး ပိုးကြေးပန်းကြေး ပေးကြတယ်။အခုတော့ မဟုတ်ဘူး။ ရှင့်ဥစ္စာက ပြောင်းပြန်ကြီး..။”
ကျွန်တော်တို့ အမျိုးကောင်းသားကလည်း ပြန်ဖြေလိုက်ပါတယ်။
“ဟုတ်ပါတယ်..နှမ..။ နှမရဲ့ အလှ။ နှမရဲ့ အဆင်းရူပါ။ နှမရဲ့သက်တမ်းက တရိပ်ရိပ်နဲ့ တိုးလာရင်တော့ လက်ဆောင်လည်း တိုးပေးရမှာပါပဲ။ အခုတော့ ချစ်နှမဟာ အစစ အရာရာ အချိန်တိုင်း အချိန်တိုင်း တရွေ့ရွေ့ယုတ်လျော့နေပါတယ်။ ဒါကြောင့် လက်ဆောင်လည်း လျော့လျော့လာရပါတယ်။”
နောက်ဆုံးမှာ အဆိုပါ အမျိုးကောင်းသားဖြစ်တဲ့ ဥဒယဘဒ္ဒသတို့သားနဲ့ လက်ဆက်လိုက်ပါတယ်။

တန်ဖိုးရှိသော အမျိုးကောင်းသားများ ဖြစ်နိုင်ကြပါစေ..။
ပြောချင်တာများရှိရင် ပြောဆိုဝေဖန်နိုင်ပါတယ်။
ကိုကိုနန်းညွန့်ဦး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget