Friday 8 March 2013

ဆေးဖက်ဝင်သော ကြက်သွန်နီ


ကြက်သွန်နီဆိုသည်မှာ အနံ့စူးရှ၍ ဟင်းခတ်ဥပင် တစ်မျိုးပင် ဖြစ်ပါသည်။ကြက်သွန်နီသည် အစေ့ကို ပျိုးထောင်၍ စိုက်သော ကြက်သွန်နှင့် ကြက်သွန်ဥ သေးများကို မြေတွင်ချစိုက်သော အမြိတ်ထောင် ကြက်သွန်ဟူ၍ နှစ်မျိုးရှိပါသည်။ အစေ့ကိုပျိုးထောင်၍ စိုက်ပျိုးသော ကြက်သွန်နီဥမှာ တာရှည်အထားခံ သော်လည်း ကြက်သွန်နီဥသေးကို စိုက်သော အမြိတ် ထောင်ကြက် သွန်နီဥမှာမူ တာရှည် အထားမခံပေ။ အစေ့ပျိုးထောင် စိုက်ပျိုးသော ကြက်သွန်နီဥ မပေါ်ခင် စပ်ကြားတွင် အစားထိုးစားသုံးသော ဥပင်လျှင်ဖြစ် ပါသည်။
အဆိုပါ ကြက်သွန်နီဥ ၂ မျိုး စလုံး ဆေးဖက်ဝင် ပါသည်။ သို့သော် အစေ့ပျိုးထောင်၍ စိုက်ပျိုးသော ကြက်သွန်နီဥမှာ ပိုမို၍ ဆေးစွမ်း ထက်မြက်ကြောင်း ဆိုကြပါသည်။ ကြက်သွန်နီသည် ... လေသလိပ်၊ အဖျား၊ ချောင်း ဆိုးတို့ကို နိုင်၏။ ဆီးရွှင်စေ၏။ နှုတ် မမြိန်၊ အော့အန်ခြင်းတို့ကို ပျောက် ကင်းစေ၏။ ခွန်အားကို ပြုတတ်၏။ သုက်အားကို အလွန်ပွားစေတတ်၏။ ကာမသတ္တိကို ဖြစ်စေတတ်၏ ဟူ၍ ဆေးကျမ်းများက ဖွင့်ဆိုထားကြပါ သည်။ ကြက်သွန်နီဥကို အမောအပန်း ခံနိုင်စေရန်၊ ခွန်အားရှိစေရန်နှင့် ဆီးရောဂါများ ကင်းရှင်းစေရန်အတွက် ထမင်းစားသည့်အခါ အစိမ်းလိုက် စားကြသလို၊ အချဉ်တည်၍လည်း နေ့စဉ်စားသုံးကြလေ့ရှိပါသည်။ အချို့ဆီး မထိန်းနိုင်သော သူများ ဆီးတစ်စက်စက် ကျသောသူများ၊ ဆီးပူ ညောင်းကျဖြစ်သူများသည် ကြက်သွန်နီဥ ပြုတ်ရည်ကို သောက်သုံးပါက ပျောက်ကင်းနိုင်ပါသည်။ (အချို့နေပူထဲမှ ပြန်လာပါက ဆီးပူ ဆီးအောင့်မဖြစ်စေရန် ကြိုတင် ကာကွယ်သည့် အနေဖြင့် သောက်သုံး ကြပါသည်။)
ဆီးချုပ်တတ်သော ကလေးလူ ကြီးများသည် ကြက်သွန်နီဥ အနေတော်ကို မီးဖုတ်၍ ဓားဖြင့် ထက်ခြမ်းခွဲကာ ထိုကြက်သွန်နီဥ အခြမ်း ပူပူနွေးနွေးကို ဆီးအိမ်ပေါ်၌ တင်(ကပ်) ပေးပါက ချက်ချင်းပျောက်ကင်းစေပါ သည်။ ချမ်းတုန်နေသောသူများအား ကြက်သွန်နီဥအနေတော်ကို ထက် ပေးခြင်း၊ နားကိုက်၊ နားပြည်ယိုများ ကို နားအတွင်းသို့ ထည့်ပေးခြင်းအားဖြင့် ပျောက်ကင်းစေ ပါသည်။ ထို့ပြင် ကြက်သွန်နီဥ၊ ထန်းဖို ထန်းလျက် (ထန်းဖိုထန်းလျက်မှာ ဆေးဖက်ဝင်ပြီး၊ ထန်းမ ထန်းလျက်မှာ ဆေးဖက်မဝင်ပါ)၊ မန်ကျည်းမှည့်၊ ဆားနှင့် စမုန်တို့ကို ရောကြိတ်၍ ထောပတ်နှင့်နယ်ကာ ဖန်ပုလင်းထဲ တွင် ထည့်၍ ဝမ်းချုပ်၊ လေဆန်၊ လေပူ၊ ရင်အောင့်၊ ခါးအောင့်၊ အကြောတက်ရောဂါများအတွက် တေဆေးအဖြစ် နေ့စဉ်စားသုံးနိုင်ပါ သည်။ သွေးပါသော လိပ်ခေါင်းရောဂါ ဝေဒနာရှင်များအတွက် ကြက်သွန်နီ ဥအရည်ကို သကြားအနည်းငယ်နှင့် ရော၍ တစ်နေ့တစ်ကြိမ် သောက်သုံးပါက ပျောက်ကင်းစေ ပါသည်။
ထို့အပြင် အဆိပ်ရှိသော သတ္တ ဝါများ ကိုက်လျှင် ကြက်သွန်နီဥ၏ လတ်ဆတ်သော အစေးကို ကွမ်းစား ပွတ်ခြင်း၊ ကြက်သွန်နီဥ အရည်ကို သုတ်လိမ်းပေးခြင်းဖြင့် အဆိပ်မတက် ဟုဆိုကြပါသည်။ မြန်မာအမျိုးသမီးများသည် ဟင်းချက်သည့်အခါ ဖြစ်စေ၊ဟင်းရွက်၊ အသားသုပ်သည့်အခါဖြစ်စေ စား ကောင်း၍ အာဟာရဖြစ်စေရန်နှင့် ကျန်းမာရေးနှင့်ပြည့်စုံ ဆေးဖက်ဝင် စေရန်အတွက် ထည့်သွင်းကြလျက် ရှိကြပါသည်။ ကြက်သွန်နီသည် လူအများ အတွက်သာ ဆေးဖက်ဝင်သည် မဟုတ်ပေ။ ကျွဲ၊ နွား၊ မြင်းအတွက် လည်း ဆေးဖက်ဝင်ပါသည်။ ဝဲရောဂါ၊ ဆီးချုပ်၊ ဝမ်းချုပ်၊ အကျိတ်ရောင် ရောဂါများအတွက် မျက်စဉ်းဆေး အဖြစ် အသုံးပြု၍ ရသလို၊ ခွာနာများ အတွက်လည်း အင်တွဲ၊ ဒုတ္ထာတို့ကို ရောကြိတ်၍ အုန်းဆီနှင့် ဖျော်လိမ်း ပေးပါက လျင်မြန်စွာ ပျောက်ကင်း စေပါသည်။ ဆိုရလျှင် ကြက်သွန်နီဥသည် သာမန်စားသုံးသည့် ဥမဟုတ်ဘဲ လွန်စွာအဖိုးထိုက်တန်လှသော ဆေးဖက်ဝင် ကြက်သွန်နီ ဥဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။
မောင်မောင်ချစ်ဦး(မုံရွာ)

Health Digest

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget