Friday 8 March 2013

မိဘ၊ သားသမီး၊ မြေးနှင့်မြစ်

လွန်ခဲ့သော၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှာ ကျွန်မ၏ မိခင်အသက် ၉၂ နှစ်မှာ ဆုံးပါးခဲ့သည်။ အမေဆုံး ချိန်တွင် အမေ့မှာ သားသမီး ခြောက်ယောက်၊မြေး ဆယ်ယောက်နှင့် မြစ်တစ်ယောက် ရှိသည်။ အမေပင် အသက်၉၀ ကျော်ပြီဖြစ်၍ အသက်နှစ်ဆယ်မှာ အိမ်ထောင်ပြုခဲ့သော အမေ့သား၊ သမီးတွေက အသက် ခြောက်ဆယ်ကျော်၊ ခုနစ်ဆယ် ရှိကြလေပြီ။သားအငယ်ဆုံးပင် အသက်ငါးဆယ် နီးပါးရှိချေပြီ။ အမေ့သား သမီးတွေထဲမှာ အိမ်ထောင်ကျသူ သုံးယောက်၊ အိမ်ထောင်မကျသော အပျိုကြီး၊လူပျိုကြီးတွေက သုံးယောက်၊ သားသမီးတွေထဲမှာ စီးပွားရေး အတော်အတန် အဆင်ပြေသူ လည်းရှိ၏။မပြေသူလည်းရှိ၏။ အများအားဖြင့် ပင်စင်စားတွေ ဖြစ်ကုန်ကြပြီ။ ရရှိသော ပင်စင်လစာဖြင့် မိခင်အတွက် ကျန်းမာရေးစရိတ်၊ အာဟာရစရိတ် စကတို့ကို မဖြည့် ဆည်းနိုင်တော့။
အသက်၈၈ နှစ်အရွယ်မှာ အမေလေ ဖြတ်ဝေဒနာခံစားရချိန် အစာမစားနိုင်တော့။ နှာခေါင်း ပိုက်မှ အစာအာဟာရကို လေးနာရီ တစ်ကြိမ်ခြား ထည့်ပေးရသည်။
နောက်ပိုင်းမှာ နှစ်နာရီတစ်ကြိမ် ထည့်ပေးရသည်။ အညစ်အကြေး သုတ်သင် သန့်ရှင်းကိစ္စများ အတွက်လည်း လျှော်ရ၊ ဖွပ်ရ၊ သန့်စင်ရနှင့် အလုပ်တာဝန် တွေကလည်း များလှသည်။အားလုံးမြေးမလေးတွေ လုပ်ကြသည်။အမေ၏ နောက်ဆုံးအချိန် များမှာဆိုလျှင် အမေက ကြက်အိပ် ကြက်နိုးဖြစ်လာ၍ ညဦးဂျူတီ တစ်စု၊ညနှောင်းဂျူတီ တစ်စုခွဲ၍ ဂျူတီ ချစောင့်ရှောက်ရသည်။ ဤသို့ပင် သက်ကြီးရွယ်အိုကို ပြုစုရသည်မှာ လွယ်လှသည် မဟုတ်။ တာဝန်ကြီးသည်။ သို့သော် အမေ ကံကောင်းသည် ဟုထင်ပါသည်။ အမေ့မှာ သားသမီး များများ၊မြေးများများ ရှိ၍ တာဝန် ကိုယ်စီခွဲဝေ ယူသဖြင့် အဆင်ပြေ၏။မငြိုမငြင် စောင့်ရှောက် ပေးနိုင်၏။ တရုတ်ပြည်မှာ နိုင်ငံပေါ် လစီအရ လူဦးရေထိန်းချုပ်ရေး စီမံကိန်းကြောင့် အိမ်ထောင်ဖက်တစ်စုံလျှင် သားသမီးတစ်ဦးသာ မွေးဖွားရမည်ဟု သတ်မှတ် ချက်ရှိခဲ့သည်မှာ ကြာခဲ့ပြီ။
တရုတ်ပြည် စီးပွားရေးတိုး တက်မှုနှင့်အတူ တစ်ဦးတည်းသောသားသမီး တရုတ်တွေ အလုပ်များပြီး မိအိုဖအိုများကို သွားမကြည့်နိုင်၊မကြည့်ကြ၊ မစောင့်ရှောက် ကြဖြစ်လာ၍ မိအိုဖအိုတို့ကို မကြည့်ရှုမစောင့်ရှောက်သူ သားသမီး များကို တရားစွဲမည်ဟုပင် ကန့်သတ်လိုက်ရသည် ဟုဆိုသည်။ တစ်ဦးတစ်ယောက်တည်းသော သားသမီးဟူသည်ကလည်း ငယ်စဉ်ကပင်မိဘကလည်း အလိုလိုက်အကြိုက်ဆောင်ခဲ့ကြသည်။သူတစ်ဦးတည်း အခွင့်အရေးမှန်သမျှရခဲ့ကြ၍ မျှဝေစားရ သည်ကိုမသိတတ်။တာဝန်ခွဲဝေရသည်ကို နားမလည်။ကြာလေသော် အတ္တကြီးလာ၏။ အားလုံးကိုမဆိုလို။အများအားဖြင့်ကား ထိုသို့ဖြစ်သွားတတ်ကြသည်ကများ၏။ သို့ဖြင့် တရုတ်သက်ကြီးရွယ်အိုများ အထီးကျန်ဘဝ ရင်ဆိုင်နေရသည်ဟုဆို၏။ မည်မျှပင် ပန်းဆင်းရဲကြလေမည်နည်း။
ဂျပန်နိုင်ငံမှာတော့ ကလေးမွေးဖွားနှုန်း လျော့ကျလာသည်။လူငယ်တွေက အိမ်ထောင်မပြုဘဲနေသူ လူပျိုကြီး၊အပျိုကြီးတွေလည်း များလာသည်ဟုဆို၏။အိမ်ထောင်ပြုသော်လည်း သားသမီးကို တစ်ယောက်စ၊နှစ်ယောက်စသာ ယူကြသည်။တိုင်းပြည်၏ စီးပွားရေးဖူလုံမှုနှင့်အတူ ကျန်းမာရေးဝန်ဆောင်မှုကလည်း မြင့်တက်ကောင်းမွန်လာသဖြင့် လူတွေက အသက်ပိုရှည်လာကြသည်။ထိုအခါ အလုပ်လုပ်နိုင်သူ လူငယ်ဦးရေကနည်းလာပြီး သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး သည်လည်း တိုင်းပြည်၏ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာသည် ဟုကြားသိရပြန်သည်။ အထက်ပါအခြေအနေမှာ စီးပွားရေးတိုးတက်ပြီး နိုင်ငံများမှ လူနေမှုဘဝပြဿနာ။
မြန်မာပြည်ကား ဆင်းရဲသောနိုင်ငံဖြစ်သည်။ချမ်းသာခြင်းကြောင့် ပြဿနာရှိသလို ဆင်းရဲခြင်းမှာ လည်းပြဿနာရှိသည်။သားသမီးများ ဝင်ငွေနည်းသဖြင့် မိအိုဖအိုကို ပြုစုလုပ်ကျွေးရသည်ကို တာဝန်မယူနိုင်သည့် သတင်းမျိုးလည်းရှိနေ၏။ မြန်မာပြည်မှာ သာသနာ့ဝန်ထမ်း ရဟန်းတော်များနှင့် သီလရှင်များကလည်း အိမ်ထောင်မပြု၊ရိုးရိုးလူတွေကလည်း ပညာတတ်လာသည်နှင့်အမျှ အိမ်ထောင်လုံးဝမပြုခြင်းဘဲနေခြင်း၊အိမ်ထောင်ပြုသော်လည်း သားသမီးများများ မယူကြခြင်းများ ရှိလာသည်။ အဆိုးဆုံးက မြို့ပြပညာတတ် မိသားစုများဖြစ်သည်။သားသမီးဦးရေ တစ်ယောက်မျှနှင့် ကျေနပ်ရောင့်ရဲလာကြသည်။လုံးဝမယူသူများပင် ရှိလာ၏။ ခေတ်ကလည်း သားသမီးဦးရေကို ကန့်သတ်နိုင်သော နည်းလမ်းများ နည်းလမ်းစုံ ရှိလာသည်မဟုတ်လား။
အလွန်ဆင်းရဲသော မိသားစုများမှာသာ သားသမီးနည်းအောင် ကန့်သတ်နည်းမရ။မသိရှိ၍သာ များများမွေးကြ၊ယူကြတော့သည်။ ကမ္ဘာ့လူဦးရေကား သန်းခြောက်ထောင်ကျော်နေပြီ။ လူဦးရေ တစ်ဟုန်ထိုး အကန့်အသတ်မရှိ တိုးနေသည့် တိုင်းပြည်တွေ လည်းရှိ၏။ ဥပမာ-ဘင်္ဂလားဒေ့ရှ်၊ ဘင်္ဂလားဒေ့ရှ်လို နိုင်ငံအကျယ်အဝန်းနှင့် နှိုင်းယှဉ်လျှင် လူဦးရေ တိုးလွန်းများလွန်းသည် ကလည်း နောက်ဆက်တွဲ အကျိုးဆက်တွေ ရှိနိုင်သည်။ ကိုယ့်ဝန်ကိုယ် မထမ်းနိုင်လျှင် ဟိုတိုးသည်တိုး၊ ဟိုဝင်သည်ဝင် ဖြစ်ကုန်မည်။ ယခုအခါ မြန်မာပြည်သည် လူဦးရေသန်း ၆၀ ခန့်သာ ရှိသေးသည်။ကိုယ့်တိုင်းကိုယ်ပြည် အခြေအနေနှင့် ကိုယ်တွက်ဆလျှင် စီးပွားရေးသာကောင်းမွန်လျှင် လူဦးရေပြဿနာက သိပ်မကြီးသေးဟုယူဆသည်။လူနေထူထပ်များပြားသော အိမ်နီးချင်းတိုင်းပြည်များနှင့် နှိုင်းယှဉ်လျှင် လူဦးရေတိုးခြင်းကို အထိုက်အလျောက် လက်ခံနိုင်သေးသည်။
လွတ်လပ်ရေးမရမီက လူဦးရေ ၁၄ သန်းဝန်းကျင်မျှသာရှိသဖြင့် အိမ်နီးချင်းတိုင်းပြည်များနှင့် နှိုင်းယှဉ်၍ နိုင်ငံကို ကာကွယ်နိုင်သော အမျိုးကောင်း သားသမီးတွေ များများမွေးဖွားကြရန် ဗိုလ်ချုပ်အောင်ဆန်း တိုက်တွန်းဖူးသည်။ ယခုအခါ မိသားစုတစ်ခုမှာ သားသမီးဦးရေ မည်ရွေ့မည်မျှ ရယူမွေးဖွားသင့်သနည်းဆိုသည့် ခေါင်းစဉ်သည် စဉ်းစားတွေးတောချိန်ဆ၍ စီမံဆောင်ရွက်ရမည်မှာ ကမ္ဘာ့နိုင်ငံ တိုင်း၏ တာဝန်တစ်ခု ဖြစ်လာနေပြီ။ ဤခေါင်းစဉ်ကိုစဉ်းစားလျှင် နိုင်ငံတစ်ခုချင်းအလိုက် မိမိတို့မှာ နဂိုမူလရှိသည့် လူဦးရေ၊ နိုင်ငံအကျယ်အဝန်း၊ အိမ်နီးချင်းတိုင်းပြည်များ၏ လူဦးရေအချိုးအစား၊ စိုက်ပျိုးနိုင်သော မြေယာပမာဏ၊ ယဉ်ကျေးမှု၊ ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုများ မည်ရွေ့မည်မျှရရှိနိုင်သည့် အချက်များစွာအပေါ် အဖက်ဖက်က ချိန်ဆကြရမည်ဟု ထင်မိသည်။
လက်ရှိမြန်မာပြည်၏ စီးပွားရေးအရမူ ကလေးတစ်ယောက်ကို လူလားမြောက်အောင် တာဝန်ယူရသည်ကိုပင် ခက်ခဲပင်ပန်း လှသည်ဟု ညည်းတွားလာသူတွေ ပိုများလာသည်။ ကျွန်မတို့ငယ်စဉ်က ဟင်းရွက်ဟင်းသီးရောင်းချသော ဈေးသည်အမျိုးသမီး တစ်ယောက် မီးဖွားရန်ရန်ကုန်မှာဆိုလျှင် သုံးဘီးကားခသာ လိုအပ်သည်။မွေးဖွားချိန်နီးပြီဆိုမှ သုံးဘီးကားတစ်စီးဌား၍ ဗဟိုအမျိုးသမီးဆေးရုံသို့သွားလျှင် အခမဲ့မွေးဖွားနိုင်သည်။ယခုခေတ်မှာတော့ အခမဲ့ဆိုသော်လည်း လူနာရှင်ကဆေးဖိုး၊သွေးစစ်ခ စသည်တို့အတွက် အနည်းဆုံးတော့ တာဝန်ယူရသည်။ကျေးလက်မှာမူ ယခင်ကလစာငွေနှင့် လုံလောက်ကြသဖြင့် သားဖွားဆရာ မများက ဂရုစိုက်၍ အခမဲ့မွေးဖွားပေးကြသည်။ နောက်ပိုင်းမှာမူ အထိုက်အလျောက် ကန်တော့ငွေဆိုတာ မျိုးရှိလာသည်။ ကလေးတစ်ယောက် မွေးပြီးဖွားပြီး အရွယ်ရောက်၍ ပညာသင်ကြမည်ဆိုကြပါတော့။ ထိုအခါ သားသမီးများ ပညာတတ်ရေးလည်း အလားတူပင်။ မိဘများအတွက် ခက်ခဲလာသည်။ စာသင်ကျောင်းများမှ ပညာကို တတ်အောင်မသင်ကြတော့သဖြင့် ကျူရှင်၊ ကြီးကြပ်သူ(ဂိုက်)စနစ် ပေါ်လာသည်။ ပြင်ပဘော်ဒါကျောင်းစနစ် ပေါ်လာသည်။ ထို့ကြောင့် ပညာရေးအတွက် ကုန်ကျစရိတ်များ လာသည်။ ပညာရေး၊ ကျန်းမာရေးဝန်ဆောင်ခ တာဝန်ကြီးလာသောအခါ မိသားစုတိုင်း၊ အိမ်ထောင်တိုင်းက သားသမီးများများ မွေးဖွားရန် ဝန်လေးလာကြတော့သည်။
အမှန်စင်စစ် မိသားစုတစ်ခုမှာ မျိုးဆက်ဦးရေ အချိုးအဆညီမျှဖို့ အရေးကြီးသလို နိုင်ငံတစ်ခုအတွက်လည်း မျိုးဆက်အချိုးအဆ ညီညွတ်မျှတရန်အရေးကြီးသည်။ လူအို၊လူကြီး၊လူလတ်၊လူငယ်၊ကလေး သူ့အချိုးအဆနှင့်သူ ရှိသင့်သလောက်ရှိရမည်။ဒါမှလည်း ကလေးသူငယ်စောင့်ရှောက်ရေး၊သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး တာဝန်တို့ကို အလုပ်လုပ်နိုင်သူ၊ဝင်ငွေဖန်တီးနိုင်သူတို့က တာဝန်ကျေကျေလုပ်နိုင်မည်။ ဘက်မျှရမည်။ဘက်မမျှလျှင် ပြဿ နာဖြစ်နိုင်သည်။ ရှေ့ကျိုးဆက်တစ်ခုကို နောက်မျိုးဆက်တစ်ခုက စောင့်ရှောက်ရမည်မှာလည်း လူ့ယဉ်ကျေးမှု၏ တာဝန်တစ် ရပ်ဖြစ်သည်။ရှေ့မျိုးဆက်၏တာဝန်ကို နောက်မျိုးဆက်က တာဝန်ယူရန်အတွက်လည်း ဝန်ထုပ်ဝန်ပိုးလည်း မဖြစ်စေသင့်။ နောက်မျိုးဆက်အတွက် ရှေ့မျိုးဆက်မှာလည်း တာဝန်မကြီးလေးသင့်။
ဤကိစ္စသည် မိသားစုတိုင်း၊နိုင်ငံတိုင်း လေ့လာသုံး သပ်သင့်သောအရာ ဖြစ်လိမ့်မည်။များလွန်းလျှင်လည်းမကောင်း၊ နည်းလွန်းလျှင်လည်းမကောင်း။ အချိုးညီလျှင် မျှတလျှင်ကောင်း ၏။လက်ရှိအနေအထားအရ မြန်မာပြည်အတွက် မိသားစုတစ်ခုမှာ အကြင်တို့လင်မယား ဇနီးမောင်နှံတစ်စုံအတွက် ပျမ်းမျှအားဖြင့် သားသမီးသုံးဦးမျှတော့ မွေးဖွားသင့်သည်ဟု ထင်မြင်မိသည်။ သည့်ထက်လည်း မများသင့်။ သည့်ထက်လည်း မနည်းသင့်။ များလွန်းလျှင်လည်း လူနေမှုဘဝပြဿနာတွေ ရှိနိုင်သည်။ နည်းလွန်းလျှင်လည်း လူနေမှုဘဝပြဿနာတွေ ရှိလာနိုင်သည်။ လူအို၊ လူကြီးနှင့် လူငယ်၊ ကလေးများက သဘာဝဘေးသင့်သည့်အခါမျိုး၊ ကပ်ရောဂါတွေဖြစ်ကြသည့် အချိန်မျိုးမှာ ဒဏ်မခံနိုင်ကြ။ ဤအချက်ကိုလည်း ထည့်သွင်းစဉ်းစားရမည်။ မျိုးဆက်သစ်အတွက် အသက်အန္တရာယ်ကို မတိမ်းသာမစောင်းသာ မဖြစ်သင့်။ လူအို၊ လူကြီးပြဿနာနှင့် လူငယ်၊ ကလေးပြဿနာသည် ခက်ခဲနက်နဲသည်။ ရှေ့လူနှင့် နောက်လူ၊ ရှေ့မျိုးဆက်နှင့် နောက်မျိုးဆက် ချိန်ဆလျှင် မြန်မာနိုင်ငံအတွက် ပျမ်းမျှအားဖြင့် မိသားစုတစ်စု သုံးယောက်နှုန်း၊ မိသားစုတစ်စုချင်းဆိုပါလျှင် သားသမီးဦးရေ အနည်းဆုံးနှစ်ယောက်မှ လေးယောက်အထိ မွေးဖွားစေချင်သည်။
ဤသို့ဆိုလျှင် အချို့သောမိသားစုများက လက်ရှိစီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အခြေအနေများကြောင့် ခက်ခဲပင်ပန်းလွန်းနေသည်မှာလည်း သေချာသည်။ မိဘ၊ သားသမီး၊ မြေး၊ မြစ် အချိုးညီညီဖြင့်ပြေပြေလည်လည်ဖြင့် ရှေ့သို့ချီတက်နိုင်ပါစေ။ ။
7Day Newsမယ်ငွေဥ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget