ရယ်မောခြင်းဖြင့် ဘ၀အမောများ ပြေပျောက်စေရန် ( ၂၀၁၃ ရာသီခွင်နှင့် ဟာသဗေဒင် )
ယခုနှစ် ၂၀၁၃ ရာသီခွင်နှင့် ဟာသဗေဒင်ကို ဖော်ပြရပါလျှင် ...........
( ၁ ) **** တနင်္ဂနွေ **** သားသမီးများမှာ .......
စီးပွားရေး ။ ။ ၀င်ငွေအလွန်ကောင်းနိုင်သောလ ဖြစ်ပါသည်။ သို့ပါသော်လည်း အသုံးအစွဲကြီးမှု့ကြောင့် ၀င်ငွေနှင့် ထွက်ငွေ
မမျှ ဖြစ်နေတတ်ပါတယ်။ ၀င်ငွေ,ထွက်ငွေမျှတစေရန် ၀င်းငွေ ၊ ထွန်းငွေ အမည်ရသောသူတို့ အား အိမ်သို့ဖိတ်
ထမင်းကြွေးပြီး ကတုံး,တုံးပေးခြင်းဖြင့် ငွေကြေးကိစ္စများ အဆင်ပြေစေနိုင်ပါသည်။
အိမ်ထောင်ရေး ။ ။ အိမ်ထောင်ရှင်များအနေဖြင့် အိမ်ထောင်ရေးကိစ္စများ ရှုပ်ထွေးပွေလီနိုင်သောလ ဖြစ်သောကြောင့်
ထိုရှုပ်ထွေးပွေလီနိုင်သော အခက်အခဲများမှ ကျော်လွှားနိုင်ရန် ကျော်အမည်ပါသော သူငယ်ချင်းအား
အဖော်ခေါ်၍ ငပလီသွား၍ ရှင်ထွေးအမည်ရသော သူငယ်မတစ်ယောက်အား ရည်းစားစာ ရှစ်စောင်
တိတိလိုက်ပေးပါ။
* မိမိကံဇာတာပန်း ပွင့်လန်းစေရန် * - လိမ္မော်ရောင် အ၀တ်အစားများကို ရွေးချယ်၍၀တ်သင့်ပြီး ရှောက်သီးရောင် ၊ ကျွဲကောရောင် ၊
သံပုရာရောင် ၊ မန်ကျီးသီးရောင်များ ရှောင်ပါ။ စိမ်းပြာရောင်အားလည်း ၀တ်ဆင်ရန်
မသင့်သော်လည်း စိမ်းပြာရေညှိကိုတော့ စားပေးနိုင်ပါသည်။ *
ကျန်းမာရေး ။ ။ ကျန်းမာရေးအနေဖြင့် အဆုပ်နှင့်ပတ်သက်သော ရောဂါများ ရနိုင်ပါသောကြောင့် ဆုပ်ပါသော ၊
ပေါက်ပေါက်ဆုပ် စားခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
အချစ်ရေး ။ ။ အချစ်ရေးမှာတော့ ပဲအလွန်များသော ချစ်သူကြောင့် စိတ်ညစ်နေရတတ်ပါတယ်။ ထိုအညံ့ဆိုးများမှ
ပြေပျောက်စေရန် ချစ်သူ၏ မျက်နှာကို သေသေချာချာကြည့်၍ ပဲဟဲဟဲဟဲ ဟူ၍ သုံးကြိမ်အော်ပေးပါ။
ယုံယုံကြည်ကြည် စိတ်ပါလက်ပါဖြင့် ဆိတ်,သံပါပါ အော်ပါလျှင် ပိုထိရောက်၏။
((( ၂၀၁၃ ))) တနှစ်စာ ယတြာမှာ .........
၂၀၁၃ တနှစ်လုံး အန္တရာယ်ကင်းကင်းဖြင့် အမြဲတိုးတက် အောင်မြင်စေရန်အတွက် .........
ပဲကြီးလှော် ကိုးတင်းကို ၊ အရပ် ကိုးမျက်နှာသို့လှည့်၍ ပဲဟဲဟဲဟဲ ဟု၍ ကိုးကြိမ်အော်၍ လှုပေးခြင်းဖြင့်
စီးပွားရေး ၊ အိမ်ထောင်ရေး ၊ ကျန်းမာရေး ၊ အချစ်ရေး ၊ ရေးချင်တာရေးများ အဆင်ပြေအောင်မြင်ပါမည်။
*****************************************************************************************************************************************
( ၂ ) **** တနင်္လာ **** သားသမီးတို့မှာ - ( ကျွန်တော်မပါ )
စီးပွါးရေး ။ ။ ပေးရန်ရှိသော ငွေတချို့အတွက် ပူပင်သောက ရောက်နေရတတ်ပြီး ၊ ရရန်ရှိသော ငွေများ မရရှိသောကြောင့်
စိတ်သောက ရောက်ရတတ်ပါသည်။ ထိုအခက်အခဲမှ ကျော်လွှားနိုင်ရန် ရွှေပန်းများ ၊ ငွေပန်းများ
ရနိုင်သလောက်ဝယ်၍ ဒေါ်ပန်း အမည်ရှိသောသူများအား လိုက်၍ပေးလိုက်ပါ။
အိမ်ထောင်ရေး ။ ။ အထူးအဆင်ပြေ ချောမောနေပါသည်။ ချောလွန်းလှသော အိမ်ထောင်ဘက်ကြောင့် စိတ်မချနိုင်
တွေးတွေးပြီး မောနေရတတ်ပါသည်။
ကျန်းမာရေး ။ ။ နေအိမ်လှေကား အတက်အဆင်းများတွင် မတော်တဆ ချော်ချက်လဲ နဖူးကွဲ ၊ ဒူးပြဲ ဖြစ်နိုင်သောကြောင့်
အိမ်လှေကားထစ် အဆင်းများတွင် ဖင်တရွတ်ဆွဲဆင်းပေးခြင်း ၊ နေအိမ်လှေကား အတက်များတွင်တော့
လေးဖက်ထောက်တက်ပေးခြင်းဖြင့် ကျန်းမာရေး အခက်အခဲများကို ကာကွယ်နိုင်ပါတယ်။
* မိမိ၏ ကံဇာတာပန်း ပွင့်လန်းစေရန် *
ပန်းဆီရောင် အ၀တ်အစားများကို ၀တ်ဆင်သင့်ပြီး ပုဇွန်ဆီရောင် ၊ ခရုဆီရောင် ၊ ငရုတ်ဆီရောင်များကို
မ၀တ်သင့်ပါ။ နှမ်းဆီရောင် ၊ ပဲဆီရောင် ၊ စားအုန်းဆီရောင် များနှင့် သင့်ပါ၏။
အချစ်ရေး ။ ။ အချစ်ရေးမှာတော့ စိတ်ခဏခဏကောက်တတ်ပြီး ၊ အထင်ခဏခဏလွဲတတ်သော ချစ်သူကြောင့်
စိတ်ညစ်ရတတ်ပါတယ်။ ထိုကိစ္စများမှ ပြေပျောက်စေရန် ကိတ်ခြောက် ၊ ကိတ်မုန့် ၊ ကွတ်ကီး ၊ ကြံရည်
ကြံသကာ ၊ ကြက်သား ၊ ကျောက်ကျောများ ၊ ချောကလက်များ ချစ်သူကိုဝယ်ကျွေးလိုက်ပါ။
((( ၂၀၁၃ ))) တစ်နှစ်စာ ယတြာမှာ .........
မိမိကံကြမ္မာ မြင့်မားတိုးတက်စေရန် မိုးပျံပုဖောင်း အလုံးတစ်သောင်းနှင့် မီးပုံးပျံ အလုံးတစ်သောင်းတို့ကို
မိမိမွေးနေ့ ရောက်တိုင်း လွှတ်တင်ပေးပါ။ လူချစ်လူခင် ပေါများစေရန် လမ်းဆုံလမ်းခွများတွင်ထိုင်၍
လာသမျှ လူတိုင်းအား လက်ညှိုးငေါက်ငေါက်ထိုး၍ ကူလီကူမာများတယ် ၊ ကူလီကူမာများတယ်ဟု
သုံးကြိမ်ပြောလိုက်ပါ။

( ၃ ) ***** အင်္ဂါ ***** သားသမီးတို့မှာ .........
စီးပွားရေး ။ ။ ရရန်ရှိသော ငွေကြေးများ အကုန်ရမည်။ ရစရာရှိသည်များ ရပြီးသည်နှင့် ပြေးစရာရှိသည်ကို လွတ်အောင်
ပြေးပါ။ ပေးစရာရှိသည်များ လာတောင်း ခံရပါလိမ့်မည်။ ဆောက်လုပ်ရေး လုပ်ငန်းများဖြင့် အကျိုးပေးနိုင်
ပါသဖြင့် အိမ်သာများဆောက်ခြင်း ၊ မြောင်းကျော်တံတားများ ဆောက်လုပ်ခြင်းတို့ကို ဦးစားပေး လုပ်သင့်
ပြီး ကျောက်မျက်ရတနာများ ၀င်ကိန်းရှိသောကြောင့် လမ်းခင်းကျောက်များ ၊ ဂ၀ံကျောက်များ ၊ ကျောက်စရစ်
ကျောက်များကို အ၀င်မခံသင့်ပါ။ သဲကျောက်များကိုတော့ ရနိုင်သလောက် အိတ်ကတ်ထဲ ထည့်ယူ၍
အဆောင်ထားသင့်ပါသည်။ စီးပွါးရေးလုပ်ငန်းများ တိုးတက် မြင့်မားစေရန် စမူဆာ ၊ ဆန်ပြုတ် ၊ အသုတ်
တို့ကို အရပ်ခပ်မြင့်မြင့် လူများအား အလှုဒါဏ လုပ်၍ ၎င်းတို့၏ မျက်နာကို အိုးမည်းဖြင့် သုတ်ပေးခြင်းဖြင့်
အခက်အခဲများကို ပြေပျောက် အမြင့်သို့ရောက်နိုင်ပါသည်။
ကျန်းမာရေး ။ ။ ကျန်းမာရေးမှာ ရောဂါကြီးကြီးမားမား မဟုတ်သော်လည်း ဆီးကျင်ခြင်း ၊ ဆီးအောင့်ခြင်း စသောဝေဒနာများ
မကြာခဏ ခံစားရနိုင်ပါသဖြင့် ဇီးဖျော်ရည် ကိုးခွက် ၊ ဇီးယိုကိုးထုပ်တို့ကို ဂုဏ်သရေရှိ ကလေးကိုးဦးအား
လေးစားစွာဖိတ်ကြား၍ တုတ်ဖြင့် ကိုးချက် နာနာနှက်ပြီး တိုက်ကျွေးလိုက်ပါ။ အညံ့ဆိုးများပြေပျောက် သူတို့
အမေတို့ အိမ်ရှေ့ရောက်လာပါလိမ့်မည်။
* မိမိ၏ ကံဇာတာပန်း ပွင့်လန်းစေရန် *
ခရမ်းရောင်ရှိသော အ၀တ်အစားများကို ၀တ်ဆင်သင့်ပြီး ခရမ်းချဉ်ရောင် ၊ ခရမ်းကဆော့ရောင် တို့ကို
ရှောင်ကြဉ်၍ ခရမ်းကြွတ်သီး အညိုရောင်မျိုးကိုတော့ ၀တ်ဆင်ပေးနိုင်ပါတယ်။
အချစ်ရေး ။ ။ မိမိတကယ်ချစ်သော သူနှင့်သာ အဆင်ပြေစေရန် ဆင်သက်စေ့ စီးပေးပြီး ၊ ဆင်ကိုးကောင်တံဆိပ် ဖိနပ်
တစ်ဖက်တည်းစီး၍ မိနေထိုင်ရာမြို့အနှံ့ တစ်ပတ်ပတ်ပေးပြီး မိမိချစ်သူနှင့် အဆင်ပြေစေရန် ညအိပ်ရာဝင်
ခါနီး အချိန်များတွင် မိမိချစ်သူအမည်အား ဆယ်အိမ်လောက်ကကြားရလောက်အောင် ဆင်အော်သံမျိုးဖြင့်
ဆယ်ကြိမ်အော်ပေးပါ။

ကိစ္စအ၀၀တို့ အဆင်ပြေစေရန် လမ်းတွင်တွေ့သော လူခပ်၀၀ကြီးများအား နင်လူပါးတော်တော်ဝတယ် ၊
နင်လူပါး တော်တော်ဝတယ် ဟူ၍ ဆယ်ကြိမ်အော်ပေးလိုက်ပါ။

( ၄ ) **** ဗုဒ္ဓဟူး **** သားသမီးများမှာ ........
စီးပွါးရေး ။ ။ ငွေများ ၀င်လာမစဲ တသဲသဲဖြစ်နေတတ်ပါတယ်။ စီးပွါးရေးလုပ်ငန်းအနေဖြင့် ရေလုပ်ငန်း ၊ တွင်းထွက်လုပ်ငန်း
များအကြိုးပေးနိုင်ပါသဖြင့် ရေစည်လှည်းတွန်းခြင်း ၊ ဂဏာန်းတွင်းနှိုက်ခြင်း ၊ ကြွက်တွင်းနှိုက်ခြင်း များကို
ပြုလုပ်သင့်ပြီး ခါးပိုက်နှိုက်ခြင်း ၊ မြွေတွင်းနှိုက်ခြင်းများကိုလည်း အခြေအနေပေါ် မူတည်၍ လုပ်ငန်းတိုးချဲ့
နိုင်ပါတယ်။ ငွေများ ယခင်ကထက် ၀င်လာမစဲ တသဲသဲဖြစ်စေရန် မုန့်များထဲ သဲမှုန့်များထည့်၍ သူငယ်ချင်း
များကျွေးခြင်း ၊ ကွမ်းရာထဲ သဲမှုန့်များထည့်၍ သူငယ်ချင်းများအား ဒါဏပြုခြင်းများ ပြုလုပ်သင့်ပါတယ်။
အိမ်ထောင်ရေး ။ ။ အိမ်ထောင်ရေး အခြေအနေကဖြင့် မိုးလေ၀သကောင်းမွန်နေပါတယ်။ အိမ်အမိုး အကာများကိုသာ
ဂရုစိုက်ပေးသင့်ပါတယ်။ ဖထီး၏ဇနီး အမိုးကိုတော့ ဂရုစိုက်ရန် မသင့်ပါ။
ကျန်းမာရေး ။ ။ ကျန်းမာရေးအနေဖြင့် မျက်စိရောဂါများ ဖြစ်ပွားနိုင်သဖြင့် နယ်သာလန်ဗေးရှင်း ၊ မော်စကိုဗေးရှင်း ၊
ပိုလန်ဗေးရှင်းစသော မျက်စိဆေးခန်းများတွင် သေသေချာချာပြသင့်ပါတယ်။
* မိမိ၏ ကံဇာတာပန်း ပွင့်လန်းစေရန် *
မိမိ၏ ကံဇာတာပန်း ပွင့်လန်းစေရန် မြင်းချေးရောင် ၊ နွားချေးရောင် ၊ ၀က်ချေးရောင် အ၀တ်အစားများကို
ရှောင်၍ ဆိတ်ချေးရောင် ၊ အ၀တ်အစားများ ၀တ်ဆင်ပေးသင့်ပါတယ်။ ၎င်းအရောင်နှင့် ခပ်ဆင်ဆင်တူသော
ကြွက်ချေးရောင် အ၀တ်အစားများကို ၀တ်ဆင်ပေးလျှင်လည်း ရပါတယ်။
အချစ်ရေး ။ ။ အချစ်ရေးမှာတော့ အညံ့နည်းနည်းရှိနေတတ်ပါတယ်။ ချစ်သူမှ အထင်လွဲမှားပြီး အချစ်ပေါ့သွားနိုင်ပါတယ်။
ထိုသို့မဖြစ်စေရန် ယတြာအနေဖြင့် မိမိချစ်သူအား အုန်းသီး သုံးလုံးလက်ဆောင်ပေး၍ ခြစ်ခိုင်းသင့်ပါတယ်။
******************************************************************************************************************************************
( ၅ ) **** ကြာသပတေး **** သားသမီးတို့မှာ ......
စီးပွားရေး ။ ။ စီးပွားရေး လုပ်ငန်းများ အနေဖြင့် တိုင်းရင်းဆေးဝါးများ ဖော်စပ်ထုတ်လုပ်ခြင်း ပြုသင့်ပါတယ်။ စီးပွားရေး
အနေဖြင့် ကုလားအော်သီးဖြင့် မျက်စဉ်းဆေးဖော်စပ်ခြင်း ၊ ခွေးလှေးယားသီးဖြင့် ယားနာပျောက်ဆေး
ဖော်စပ်ခြင်း ၊ ပဒိုင်းသီးဖြင့် စိတ်ငြိမ်ဆေးဖော်စပ်ခြင်းများ ပြုလုပ်၍ ဖြန့်ဖြူးရောင်းချသင့်ပါတယ်။
အိမ်ထောင်ရေး ။ ။ အိမ်ထောင်မကျသေးသူများ အိမ်ထောင်ကျကိန်း ရှိပြီး ၊ ကျပြီးသူများ အတွက် တစ်ခုခုတော့ ကျကိန်း
ရှိပါတယ်။
ကျန်းမာရေး ။ ။ ကျန်းမာရေးအနေဖြင့် ခေါင်းမူး ၊ ခေါင်းကိုက်ဝေဒနာ ခံစားရနိုင်သဖြင့် ချားစီးခြင်း ၊ ရဟတ်စီးခြင်းများ
ရှောင်ကြင်သင့်ပြီး ၊ ကျန်းမာရေးလေ့ကျင့်ခန်းများ အနေဖြင့် လက်ဝှေ့ထိုးခြင်း ၊ နပန်းသတ်ခြင်းများ
နေ့စဉ် ပြုလုပ်သင့်ပါတယ်။
အချစ်ရေး ။ ။ ချစ်သူမှ ရှောင်ပြေးနေသော ကာလဖြစ်သောကြောင့် ချစ်သူကို အမိဖမ်းလိုလျှင် ဂိုးဖမ်းလေ့ကျင့်ထား
သင့်ပါတယ်။

( ၆ ) **** သောကြာ **** သားသမီးတို့မှာ .......
စီးပွားရေး ။ ။ ရစရာရှိသည်များ ကြန့်ကြာနေတတ်သည်။ ရစရာနှင့် ပေးစရာများကြား အတွေးများနေတတ်ပါတယ်။
၎င်းကြန့်ကြာနေသော အညံ့များပြေပျောက်စေရန် ကြံ့များရှေ့တွင် ကြာပန်းများကိုင်၍ ကြာကြာလေး
ကပြ သင့်ပါတယ်။ ၎င်းနှင့် နံတူသော ကျားများရှေ့တွင် ကပြလျှင်လည်း ရနိုင်ပါတယ်။
ကျန်းမာရေး ။ ။ ကျန်းမာရေး အနေဖြင့် သွေးချို ၊ ဆီးချို ၊ နှပ်ချို ၊ သလိပ်ချို ၊ တံတွေးချို ၊ နှာရည်ချို ၊ သွားရည်ချို ၊
အီအီးချိုနှင့် ချိုချင်တာချိုများ ဖြစ်တတ်ပါသောကြောင့် အချိုအလွန်အကျွံ စားခြင်းမှ ရှောင်ကြင်သင့်ပါတယ်။
အိမ်ထောင်ရေး ။ ။ ပုံမှန်သာရှိနေတတ်ပါတယ်။ ထူးခြားမှု့မရှိပါ။
* မိမိ ကံဇာတာပန်း ပွင့်လန်းစေရန် *
ကံမြင့် ကံတက်စေရန် ကန်တော်ကြီးသို့ မကြာမကြာသွားပေးခြင်း ၊ အုန်းရည်သောက်ပေးခြင်း ၊
အုန်းထမင်းစားပေးခြင်း စသည်တို့ကို ပြုလုပ်ပေးသင့်ပြီး ၊ အ၀တ်အစားအနေဖြင့် မိုးပြာရောင်ကို
ဝတ်ဆင်ရန် သင့်ပြီး ၊ မဲပြာရောင် ၊ ဖွဲပြာရောင် တို့ကိုဝတ်ဆင်ရန် မသင့်ပါ။ သက်တန့်ရောင်
တိမ်တောက်ရောင်များလည်း ရှောင်ကြဉ်သင့်ပါတယ်။
အချစ်ရေး ။ ။ အချစ်ရေးအတွက် စိတ်မအေးနိုင်သူများ အနေဖြင့် ချစ်သူ့မွေးနေ့နှင့် ချစ်သူများနေ့တို့တွင် ဆိတ်နှစ်ကောင်
လက်ဆောင်ဝယ်ပေး၍ ခပ်နာနာဆိတ်ဆွဲပေးသင့်ပါတယ်။
( ၂၀၁၃ ) တစ်နှစ်စာ ယတြာမှာ -
တစ်နှစ်ပတ်လုံး ကံတက်စေရန် ဆန်တစ်အိတ်အား ကြက်များ ၊ ငှက်များ အတွက် ဆန်တစ်အိတ်ကြဲ၍
ဒါနပြုသင့်ပါတယ်။ ဆန်တစ်ဆုပ်ကြဲတိုင်း အညံ့များထွက်ဟု ၃ကြိမ် နှုတ်မှရွတ်ဆို၍ ကြဲပေးပါ။
တစ်အိတ်လုံး အသက်အောင့်ပြီး တစ်ထိုင်တည်း ကြဲနိုင်ပါလျှင် ပိုကောင်း၏။

( ၇ ) **** စနေ **** သားသမီးတို့မှာ .......
စီးပွားရေး ။ ။ ငွေများ ဒလဟော ၀င်ရောက်နိုင်သောကာလ ဖြစ်သောကြောင့် ငွေများ သိမ်းဆည်းထားရန်
ဆည်များ ၊ ကန်များ ဖောက်လုပ်ထားသင့်ပါတယ်။ ကားလည်းဝင်ရန် အခြေအနေရှိသောကြောင့်
လိုင်းကား ၊ ဘက်စ်ကား ၊ တက္ကစီ အဌားယာဉ်များ မစီးသင့်ပါ။ ကျိန်းကျေသွားနိုင်သောကြောင့်
ဖြစ်ပါသည်။ ဘယ်နေရာ သွားသွား လမ်းလျှောက်သွားပါလျှင် အသင့်တော်ဆုံးဖြစ်ပါတယ်။
တွန်းလှည်း ၊ ၀ှီးချဲတို့ကိုတော့ မိမိဆန္ဒပါလျှင်ပါသလောက် အကြိုက်စီးပေးနိုင်ပါတယ်။ ဆိုက်ကား
မှာလည်း စီးရန်မသင့်ပါ။
အိမ်ထောင်ရေး ။ ။ အချိန်ရှိခိုက် လုံ့လစိုက်၍ ရလျှင်ရသလိုယူထားသင့်ပါတယ်။
* မိမိ၏ ကံဇာတာပန်း ပွင့်လန်းစေရန် *
အဖြူရောင် ဒိုဘီများ ၊ အဖြူရောင် ဆာရီများ ၀တ်ဆင်ပေးသင့်ပြီး မီးခိုးရောင်နှင့် ၊ မီးတောက်ရောင်
များဖြစ်သော အ၀ါရောင်များရှောင်ကြဉ်ပြီး မီးသတိပြုသင့်ပါတယ်။
ကျန်းမာရေး ။ ။ ကျန်းမာရေး အနေဖြင့် အသည်းရောင်အသားဝါရောဂါများ ဖြစ်ပွားနိုင်ပါသဖြင့် အ၀ါရောင်ရှိသော အစားအစာ
များကိုရှောင်ကြဉ်သင့်ပါတယ်။ ( ဥပမာ - ထန်းသီးမုန့် ၊ ကိတ်မုန့် ၊ ပူတင်းမုန့် .......)
အချစ်ရေး ။ ။ အချစ်ရေးခြောက်ခြောက်သွေ့သွေ့ဖြစ်နေသောကြောင့် အချောက်များအား ရည်းစားစကား လိုက်ပြောခြင်းဖြင့်
အညံ့များပြေပျောက် ရောဂါရောက်နိုင်ပါတယ်။ အချစ်ရေး အဆင်ပြေစေရန်ယတြာမှာ အိမ်အနီးဝန်းကျင်မှ
အချောက်တယောက်အား ငါးခြောက်များပေးခြင်းဖြင့် အဆင်ပြစေနိုင်ပါတယ်။
( ၂၀၁၃ ) တစ်နှစ်စာ ယတြာမှာ ........
ရေသက်စေ့ ၊ မီးသက်စေ့ ၊ ပန်းသက်စေ့ ၊ ကြေအိုးသက်စေ့ ၊ ဖာလူဒါသက်စေ့ ၊ ရေခဲသုတ်သက်စေ့ ၊
လူသက်စေ့အား အ၀တ်အစားသက်စေ့တို့အား လှုဒါန်းပေးပါ။

( ရယ်သောသူ အသက်ရှည်၏ ချမ်းမြေ့အောင် မှ သူငယ်ချင်းအားလုံး ရယ်မောခြင်းဖြင့် ဘ၀အမောများ ပြေပျောက်နိုင်ပါစေလို့ ဆန္ဒပြုလျှက် )

No comments:
Post a Comment