မြန်မာမှု နယ်ပယ်တွင် စကားအရာ၌ ကျွမ်းကျင်လိမ္မာ၍ ထိရောက်မှု ရှိစေရန် စကားပြောနည်း ဆယ်မျိုး သတ်မှတ်ထား၏။ ထိုဆယ်မျိုးမှာ -
"ရေကူးညာတင် ၊ ကောက်ပင်ရိတ်လှီး ၊ ရေစီးဖောင်ဆန် ၊ အိုးတန်ဆန်ခတ် ၊ ဆီပွတ်ကျည်ပွေ့ ၊ ဆင်ဝှေ့ရန်ရှောင် ၊ တောင်သူယာခုတ် ၊ ကြက်ဆုတ်ခွပ်ပစ် ၊ ရေစစ်ခရား ၊ ရေသွားသည့်သွင် ၊ ခတ်တင်မောင်းနင်း ၊ ဆိုခြင်းစကား ဤဆယ်ပါး" ဟု၍ ဖြစ်ပေသည်။
ရေကူးညာတင် ပြောနည်း
မြစ်တစ်ဘက်မှ အခြားတစ်ဘက်သို့ ကူးသည့်အခါ မြစ်ညာဘက်မှ စ၍ ကူးမှသာ လိုရာသို့ ရောက်သလို စကားပြောသည့်အခါလည်း လိုရာသို့ရောက်အောင် အထက်က တင်ကူး၍ ပြောနည်းကို ဆိုလိုသည်။
ကောက်ပင်ရိတ်လှီး ပြောနည်း
စပါးရိတ်သည့်အခါ တစ်နိုင်စာ ကောက်ပင်အချို့ကို လက်တစ်ဖက်ဖြင့် ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ပြီးမှ အခြားတစ်ဖက်က တံစဉ်ဖြင့် ပင်ရင်းမှ ရိတ်ဖြတ်ရသလို စကားပြောသည့်အခါလည်း တစ်ဖက်လူ၏စကား သိမ်းကြုံး ဖမ်းယူပြီးမှ အခြေအမြစ်ကို ကိုင်၍ ပြောနည်းသည် ကောက်ပင်ရိတ်လှီး ပြောနည်း ဖြစ်သည်။
ရေစီးဖောင်ဆန်ပြောနည်း
အညာဆန်ဖောင်ကြီးသည် လိုအပ်သမျှကို တင်ဆောင်၍ ဖြည်းညင်းစွာ ဆန်တက်သဖြင့် လိုရာခရီးကို ရောက်သလို စကားအရာတွင်လည်း ဥပမာ ၊ ဥပမေယျတို့ဖြင့် ဖြည်းညင်းစွာ လိုရာရောက်အောင် ပြောခြင်း ဖြစ်သည်။ အိုးတန်ဆန်ခတ် ပြောနည်း
ထမင်းချက်ရာတွင် သူ့အိုးနှင့်သူ့ဆန် တန်ရုံ အနေတော်ထည့် ချက်မှ နူးနပ်စွာ စားသုံးရသလို စကားကို မယုတ်မလွန်နှင့် လိုရာရောက်အောင် ပြောခြင်း ဖြစ်သည်။
ဆီပွတ်ကျည်ပွေ့ ပြောနည်း
ဆီဆုံထဲတွင် နှမ်းသို့မဟုတ် မြေပဲထည့်၍ ကျည်ပွေ့ဖြင့် အထပ်ထပ် ပွတ်မှ ဆီထွက်သကဲ့သို့ ကိုယ့်စကား အောင်မြင်အောင် အထပ်ထပ်ပြောခြင်းမျိုးကို ခေါ်သည်။
ဆင်ဝှေ့ရန်ရှောင် ပြောနည်း
ဆင်အလိုက်ခံရသည့်အခါ လွတ်ရာရှောင်ပြေးလျှင် ဆင်ဝှေ့မည့် ရန်မှ လွတ်နိုင်သကဲ့သို့ စကားအရာတွင်လည်း ဘေးအန္တရာယ် ဖြစ်မည့် စကားကို ရှောင်လွှဲ ပြောဆိုခြင်း ဖြစ်သည်။
တောင်သူ ယာခုတ် ပြောနည်း
တောင်သူတို့သည် တောင်ယာခုတ်သည့်အခါ ရှေးဦးစွာ ချုံကလေးများကို အရင်ရှင်းပြီးမှ သစ်ပင်ကြီးများကို ရှင်းသကဲ့သို့ စကားအရာတွင်လည်း စကားငယ်များကို ဦးစွာ ပြောပြီးမှ စကားကြီးများ ပြောခြင်းဖြင့် အနိုင်ယူသောနည်း ဖြစ်သည်။
ကြက်ဆုတ်ခွပ်ပစ် ပြောနည်း
ကြက်ခွပ်မည်ပြုသောအခါ နောက်ဆုတ်ဟန်ပြုပြီးမှ စီး၍ တကယ်ခွပ်သလို စကားအရာတွင်လည်း သူ့အလိုကို ဦးစွာလိုက်၍ ပြောပြီးမှ စီးသာသောအခါ စီး၍ ပြောခြင်းဖြစ်သည်။
ရေစစ်ကရားပြောနည်း
ရေစစ်သော ဓမ္မကရိုဏ်ကို ရေတွင်နှစ်၍ ရေပြည့်လျှင် အပေါက်ကို လက်နှင့်ပိတ်၍ ယူပါက ရေမထွက်နိုင်သကဲ့သို့ တစ်ဘက်လူ၏ စကား ပိတ်မိအောင် ဖိ၍ ပြောခြင်းကို ခေါ်သည်။
ခက်တင်မောင်းနင်း ပြောနည်း
သူ့စကားကို ဟုတ်၏လည်း မဆို ၊ မဟုတ်ဟုလည်း မငြင်းပဲ မတင်မကျ ပြောသော စကားကို ခေါ်သည်။
စကားအင်္ဂါ (၁၀)ပါး
အောင်မြင်ခြင်းသည် လူအချင်းချင်း ပြေပြစ်စွာ ဆက်သွယ်နိုင်ခြင်းပေါ်တွင် အခြေတည်ပါသည်။ အောင်မြင်လိုသူများသည် စကားအင်္ဂါ အချက် (၁၀) ချက် ကို သေသေချာချာလေ့လာပြီး မိမိကိုယ်ကို လေးကျင့် ပေးသင့်ကြရပါမည်. . . .
အချိန်ကို လေ့လာ၍ ပြောဆိုခြင်း။
မှန်သောစကားကိုသာ ပြောဆိုခြင်း။
အကြောင်းနှင့်အကျိုး ခိုင်လုံသောစကား (တရားအားလျော်သော စကား) ကိုပြောဆိုခြင်း။
အကျိုးရှိမည့် စကားကိုသာ ပြောဆိုခြင်း။
ချစ်ခင်ဖွယ်ကောင်းအောင် ပြောဆိုခြင်း။
ပြုံးရွှင်စွာ စကားပြောတတ်ခြင်း။
စကားပြောဆိုရာတွင် ချင့်ချိန်၍ ပြောဆိုခြင်း။
စကားပြောဆိုရာတွင် မနှေးလွန်း မမြန်လွန်ဘဲ အေးဆေးစွာပြောဆိုခြင်း။
စကားအသုံးအနှုန်းကို မှန်ကန်စွာနှင့် ယဉ်ကျေးစွာပြောဆိုခြင်း။
စကားပြောဆိုရာတွင် ဗလုံးဗထွေး မပြောဘဲ ရှင်းလင်းပြတ်သားစွာ ပြောဆိုခြင်း။
အထက်ပါ (၁၀) ချက်နှင့် ပြည့်စုံသူဖြစ်ပါက နှစ်လိုဖွယ်ကောင်းအောင် စကားပြောတတ်သူ ဖြစ်လာမှာ အသေအချာပင်ဖြစ်ပါသည်။

No comments:
Post a Comment